DVB Logo
Home
မြန်မာသတင်း
ဘုတလင်က ရွာ ၂ ရွာကို စစ်တပ်မီးရှို့၊ လက်နက်ကြီးကြောင့် မုံရွာမြို့နယ်က ပြည်သူ ၅ ဦး ဒဏ်ရာရ
DVB
·
February 18, 2024
ဘုတလင်က ရွာ ၂ ရွာကို စစ်တပ်မီးရှို့၊ လက်နက်ကြီးကြောင့် မုံရွာမြို့နယ်က ပြည်သူ ၅ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တောင်ပိုင်းက ဇီးတောရွာနဲ့ မြို့ပေါ်ရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ခင်းပိုင်းမှာ မီးရှို့ခဲ့ပြီး တခြားရွာတွေကိုလည်း ဆက်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက် ၆ နာရီလောက်လောက်မှာ ကံဆွယ်ရွာကနေ  စစ်ကောင်စီတပ်တွေ ထွက်လာခဲ့ပြီး မနက် ၈ နာရီလောက်မှာ မြို့ပေါ်ရွာကို ပစ်ခတ် ဝင်ရောက်လာလို့ ဒေသခံတယောက်က ပြောပါတယ်။

“သူတို့လာတာသိလို့ ကျေးရွာကလူတွေက ဘေးလွတ်ရာကို ထွက်လာနိုင်တယ်။ ရွာထဲဝင်လာပြီး ပြည်သူနေအိမ် ၂ လုံးမီးရှို့ခဲ့တယ်ဗျ။ နောက်ပြီးတော့ မြို့ပေါ်ရွာက နေအိမ် ၂၃ လုံးကိုရော မီးရှို့သွားတယ်ဗျ။‌‌ အခုလို ရွာတွေကို စစ်ကောင်စီက ဘာကြောင့်မီးရှို့ရတာလဲဆိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ထောက်ပံ့မှု ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ရှို့တာလို့ပဲ ကျနော်တို့ ဒေသခံတွေက ထင်တာပဲ။ ကျန်တာကတော့ ကျနော်တို့ နားမလည်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇီးတောရွာနဲ့ မြို့ပေါ်ရွာကို မီးရှို့ခဲ့ပြီး မင်းတဲရွာ၊ ကြီးဗဒုံရွာတို့ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေပြီး နမခ စစ်တပ်ဆီကို ဝင်ရောက်သွားနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ကျောက်စစ်ပုံ အမြောက်တပ်ကနေ မုံရွာမြို့နယ်၊ ညောင်ပင်ရွာမကျေးရွာကို မနက် ၈ နာရီလောက်ကစလို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံ ၅ ယောက် ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၁ ယောက်က စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမဖြစ်ဘဲ အခုလို ပစ်ခတ်တာဖြစ်ပြီး လက်နက်ကြီး ၇ လုံး ပစ်ခတ်တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“သူတို့က ပြည်သူ ငြိမ်းငြိမ်းချမ်းချမ်း‌နေတာကို မကြိုက်တာများလားဗျာ။ တမနက်ခင်းလုံး တအုန်းအုန်း ပစ်ခတ်နေတာ။ ကျနော် ကြားရတာကို ရေတွက်ထားတာ ကိုက ၇ လုံးရှိတယ်။ ကျတာကတော့ ရွာထဲလည်းကျတယ်။ ရွာဘေးတွေလည်း ကျခဲ့တယ်။ ရွာထဲကျတာက အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်၊ နောက်ထပ် လင်မယား ၂ ယောက်၊ စုစု‌ပေါင်း ၅ ယောက် ဒဏ်ရာရတာ။ အမျိုးသား ၁ ယောက်ကတော့ လက်ကိုထိတာ ဒဏ်ရာတော်တော်ပြင်းတယ်။ ကျန်တာကတော့ မစိုးရိမ်ရပါဘူးဗျ။ ထိခိုက်ဒဏ်ရတဲ့သူတွေရဲ့ လုံခြုံရေးအရ အမည်နဲ့အသက်တွေတော့ ပြောမပြ‌တော့ဘူး” လို့ ပြောပါတယ်။

ကျောက်စစ်ပုံ အမြောက်တပ်ကနေ ဘုတလင်မြို့နယ်၊ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နဲ့ မုံရွာမြို့နယ်ဘက်က‌ ကျေးရွာတွေဘက်ကို မကြာခဏဆိုသလို ပစ်ခတ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနစ် ဖေဖော်ဝါရီ ၁၂ ရက်‌နေ့ကလည်း မုံရွာမြို့နယ် ထနောင်းတော (တောင်) ရွာကို ကျောက်စစ်ပုံ အမြောက်တပ်က ပစ်ခတ်လို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား ၄ ယောက် သေဆုံး၊ ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013