DVB Logo
Home
Lead Story
တမလွန်ရောက်ရတာတောင် သာဓုခေါ်ခွင့်မရဘဲ ငရဲလားရမယ့် စစ်ဗိုလ် စစ်သားများ
DVB
·
February 18, 2024
တမလွန်ရောက်ရတာတောင် သာဓုခေါ်ခွင့်မရဘဲ ငရဲလားရမယ့် စစ်ဗိုလ် စစ်သားများ
Donate to DVB

ဗုဒ္ဓဘာသာအလိုအရ ဘုရား၊ ရဟန္တာ၊ အရိယာ၊ သောတာပန်၊ သကဒါဂါမ်နဲ့ အနာဂါမ်ပုဂ္ဂိုလ် မဟုတ်တဲ့ သာမန်ပုထုဇဥ်လူသား‌တွေကို “ဂတိ အနိယတ” ပုဂ္ဂိုလ်တွေလို့ သတ်မှတ်ကြပါတယ်။ ပုထုဇဥ်လူသား‌တွေ ကွယ်လွန်တဲ့အခါ လားရာဂတိ၊ ရောက်ရာဌာနဘုံဘဝ အမြဲမရှိဘဲ မသေခင် ကွယ်လွန်သူပြုခဲ့တဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်ကံပေါ် မူတည်ပြီး လူ့ပြည်၊ နတ်ပြည် (ကာမသုဂတိ ၇ ဘုံ) မှာ ဖြစ်နိုင်ကြသလို ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ် စတဲ့ အပါယ်လေးပါး ဘုံဌာနတွေဆီကိုလည်း ဆိုက်ရောက်နိုင်ကြတယ်လို့ ဆိုပါတယ်။

မြန်မာလူ့အဖွဲ့အစည်းမှာ လူတယောက်ဟာ သက်တမ်းစေ့လို့ဖြစ်စေ၊ သက်တမ်းမစေ့ခင် အကြောင်းတရပ်ရပ်ကြောင့် ကွယ်လွန်သွားလို့ လူ့ဘဝက‌နေ ထွက်ခွာသွားရပြီဆိုရင် မြန်မာဗုဒ္ဓဘာသာ ထုံးစံအတိုင်း အသုဘကိစ္စပြုလုပ်လို့ ခုနှစ်ရက်လည်တဲ့နေ့မှာ ဆွမ်းသွတ် (သပိတ်သွတ်) ကြရပါတယ်။ ကွယ်လွန်သွားသူဟာ သေကာနီး လောဘစိတ်-အတွယ်တာ၊ အနှောင်ဖွဲ့စိတ်နဲ့ သေကြရတာမို့ များသောအားဖြင့် ပေတပြိတ္တာဘုံသို့ ရောက်တတ်ကြတယ်လို့ ဆိုပါတယ်။

ပေတပြိတ္တာဘုံကို ရောက်သူတောင်မှ အဲ့ဒီဘုံမှာ ပြိတ္တာအမျိုးအစား ၂၄ မျိုးရှိရာမှာ “ပရဒတ္ထူပ ဇီဝိတ” (လူတို့အခေါ် တစ္ဆေ၊ သရဲ) တမျိုးတည်းသာ ကုသိုလ်အမျှကို သာဓုခေါ်နိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ ပရဒတ္တူပဇီဝိက လို့ခေါ်တဲ့ လူ့ဘုံက အမျှပေးဝေတာကို သာဓုခေါ်နိုင်တဲ့ ဘဝမျိုး၊ ပြိတ္တာမျိုးအဖြစ် ရောက်ရှိသွားရရင် သူတို့ကိုရည်ညွှန်းပြီး ကျန်ရစ်သူ မိသားစုဝင်တွေက ကုသိုလ်ကောင်းမှုပြုလို့ အမျှပေးဝေတဲ့အခါ ကွယ်လွန်သူဟာ အဲ့ဒီအမျှပေးဝေသံကို ကြားနိုင်တဲ့အရပ်‌မှာ ရောက်ရှိနေတာမို့ သာဓုခေါ်လိုက်မယ်ဆိုရင် သူကိုယ်တိုင် ကုသိုလ်ပြုရသလို ကောင်းကျိုးကို ခံစားခွင့်ရနိုင်ပြီး ကောင်းမွန်တဲ့ ဘုံဘဝဆီ ရောက်ရှိနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ဒါကြောင့်မို့ မြန်မာဗုဒ္ဓဘာသာဝင်တွေဟာ မိမိတို့မိသားစုဝင် ချစ်ခင်သူတွေ ကွယ်လွန်ခဲ့ပြီးတဲ့နောက် သေတဲ့နေ့မှာ သက်ပျောက်ဆွမ်းလို့ ခေါ်တတ်တဲ့ သက်ပျောက်သပိတ်၊ အသုဘချတဲ့နေ့မှာ မြေဆင်းသပိတ်၊ ရက်လည်နေ့မှာဆို ရက်လည်သပိတ်ကို အရပ်ထုံးစံအတိုင်း လှူဒါန်းအမျှပေးဝေမှု ပြုကြလေ့ရှိပါတယ်။ တမလွန်ဘဝကနေ သာဓုခေါ်နိုင်ခွင့်ကြုံရင် ကွယ်လွန်သူအဖို့ ကောင်းကျိုးချမ်းသာ ရနိုင်အောင် သံဃာတော်တွေရဲ့ သပိတ်ထဲ လောင်းလှူသွတ်သွင်းပြီး အမျှပေးဝေကြရတဲ့ သပိတ်သွတ်တယ်၊ ဆွမ်းသွတ်တယ် ဆိုတာ မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတခု ဖြစ်ပါတယ်။

ဒီကနေ့အချိန်မှာ တနိုင်ငံလုံးက တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးနဲ့ စစ်ခင်းရင်း ဇာတ်သိမ်းခန်းထဲ ရောက်ရှိလာတဲ့ အာဏာလု စစ်ဓားပြဂိုဏ်းထဲက စစ်ဗိုလ်စစ်သားတွေဟာ ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ စည်းစိမ်ဥစ္စာ ရာထူးအာဏာကို အကာအကွယ်ပေးရင်း အကျိုးမဲ့စွာ အသက်ဆုံးရှုံးလို့ တမလွန်ဘဝကို ရောက်သွားခဲ့ရတာတောင် ကျန်ရစ်မိသားစုတွေ တရားဝင် မသိရှိရတာမို့ ဆွမ်းသွတ်အမျှမဝေနိုင်ဘဲ သာဓုခေါ်နိုင်ခွင့် မကြုံကြရဘဲ ငရဲအပါအဝင် အပါယ်လေးဘုံကိုသာ သွားကြရမှာမို့ လူဖြစ် အရှုံးကြီး ရှုံးနေကြရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက် သတင်းထဲမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်မဌာနချုပ် လက်အောက်ခံ ခြေလျင်၊ ခြေမြန် တပ်ရင်းတွေဟာ ၂၀၂၂ ခုနှစ်ကစတင်ပြီး ရှေ့တန်းထွက်ရာမှာ အဲဒီတပ်ရင်းတွေက အရာရှိ၊ စစ်သည်တွေ သေဆုံးခြင်း ရှိ၊ မရှိကို မိသားစုဝင်တွေ မသိရဘူးလို့ တပ်မ ၉၉ နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောတဲ့သတင်းကို တွေ့လိုက်ရပါတယ်။

အလားတူပဲ ၁၀၂၇ စစ်ဆင်ရေးကြီး ဗျူဟာအစိတ်အပိုင်းဖြစ်တဲ့ ရက္ခိုင့်တပ်တော် (အေအေ) က မြောက်ဦးမြို့အခြေစိုက် ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၃၇၇ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၃၇၈ ခြေမြန်တပ်ရင်း နှစ်ခုကို သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ စစ်တပ်က လက်အောက်ငယ်သားတွေရဲ့ အခြေအနေကို မထုတ်ပြန်ခဲ့ဘူးလို့ ဆိုပါတယ်။

နောက်တခါ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၄ မှာ တာဝန်ထမ်းနေတဲ့ စစ်သားတွေ တိုက်ပွဲမှာ သေဆုံးသွားတဲ့သတင်းကို စစ်တပ်က အကြောင်းမကြားခဲ့ဘူးလို့ သိရပါတယ်။ “ဇန်နဝါရီလက ဆီဆိုင်မှာ ခမရ ၄၂၃ ကျတယ်၊ လိုင်းပေါ်မှာတွေ့ရတယ်။ နောက်ရက် ခမရ ၄၂၄ ထပ်ကျတယ်။ အစ်ကို့အတွက် စိတ်ပူလို့ လိုက်စုံစမ်းတာ ဖေဖော်ဝါရီ ၃ ရက်မှ သေတာ သိတယ်။ မပြောဘူး၊ သေတာတောင် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။” တလကြာမှ ရက်လည်ဆွမ်းသွတ် လုပ်ရတယ်လို့ စစ်သားညီမဖြစ်သူတဦးက ဒီဗွီဘီကို ပြောပြတဲ့သတင်းလည်း ဖတ်လိုက်ရပါတယ်။

အခုရက်ပိုင်း သတင်းတွေထဲမှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲက ဖေဖော်ဝါရီလ ၇/၈ ရေကြောင်းတိုက်ပွဲမှာ ရက္ခိုင့်တပ်မတော် AA ရဲ့ ဗျူဟာမြောက် တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်သင်္ဘော ၃ စီးစလုံး ချက်ကောင်းကိုထိမှန် နစ်မြုပ်ခံလိုက်ရတာကြောင့် သင်္ဘောပေါ်မှာပါတဲ့ စစ်ဗိုလ်စစ်သား မိသားစုဝင်ပေါင်းများစွာ သေကျေခဲ့ရပေမဲ့ စစ်ဓားပြဂိုဏ်းက တရားဝင်ထုတ်ပြန်တာ၊ ကျဆုံးမှုကို အကြောင်းကြားတာ မရှိပါဘူး။

စစ်ဓားပြဂိုဏ်းအတွက် အသက်ပေး အမှုထမ်းနေရတဲ့ အကြမ်းဖက် စစ်ဗိုလ်စစ်သားတွေဟာ ရခဲတဲ့လူ့ဘဝမှာ လူရယ်လို့ဖြစ်လာပြီး မကောင်းဆိုးဝါး အဖွဲ့အစည်းထဲကို ရောက်ရှိလို့ နားပိတ် မျက်စိပိတ် အမှောင်ချခံခဲ့ရတာကြောင့် အမှန်နဲ့အမှား၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားနိုင်တဲ့ ဆင်ခြင်ဉာဏ် ပျောက်ဆုံးလို့ လူညွန့်တုံးခဲ့ရရုံတင်သာမက အခုဆို တမလွန်ဘဝကို ရောက်ခဲ့ရတာတောင် ကိုယ့်အတွက် သံသရာဘဝတလျှောက် ဆိုးရွားနိမ့်ကျတဲ့ ဘုံဘဝဆိုးတွေဆီ ပို့ခံရအောင် အမျှပေးဝေတာကို သာဓုခေါ်ခွင့်မရဘဲ တိရစ္ဆာန်များ သေကျေသလို ပိုးစိုးပက်စက် လူသိခံခွင့် မရကြတာဟာ အမြင့်မားဆုံး လူဖြစ်ရှုံးရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ဓားပြဂိုဏ်းချုပ် မင်းအောင်လှိုင်က ပြည်သူတွေနဲ့ လူငယ်လူရွယ်တွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ ဒါဟာ တနိုင်ငံလုံးက လူငယ်လူရွယ်တွေ အပါအဝင် ပြည်သူလူထုကို လူဖြစ်ရှုံးအောင် ယုတ်မာပက်စက်စွာ ကြံစည်လာတဲ့ မိစ္ဆာဥပဒေတရပ်သာ ဖြစ်တာမို့ လူလိုရှင်သန်ပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ဘဝတွေကို ပိုင်ဆိုင်လိုတဲ့ လူအသိဉာဏ်ရှိသူတိုင်းက ဆန့်ကျင်ပြီး စစ်ဓားပြဗိုလ်ချုပ်အာလုံးကို ဝိုင်းဝန်းချေမှုန်းရာမှာ တခဲနက်ပါဝင်ကြဖို့ နှိုးဆော်လိုက်ရပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013