Home
မြန်မာသတင်း
တောင်ကြီးခရိုင် ၆ မြို့နယ်ရှိ ပြည်သူ့စစ်များကို စစ်ကောင်စီက လက်နက်ထောက်ပံ့
DVB
·
February 18, 2024
SAC weapons support PNO_18022024
SAC weapons support PNO 1_18022024
SAC weapons support PNO_18022024
SAC weapons support PNO 2_18022024

ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ဦးစီးတက္ကသိုလ်နဲ့ ကလောတပ်နယ်ကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်က ပြည်သူ့စစ်တွေကို  စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ ရက်က လက်နက်ထောက်ပံ့ပေးခဲ့ပါတယ်။

အရှေ့ပိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးကိုယ်တိုင်  ဖေဖော်ဝါရီ ၁၇ ရက်မနက်က တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ ပင်လောင်း၊ နောင်တရားနဲ့ ကလောမြို့က PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)တွေ တိုင်းစစ်ဌာနချုပ်သို့ ခေါ်ယူကာ လက်နက်ပေးခဲ့တာလို့ တောင်ကြီးမြို့ခံတဦးက  ဒီဗွီဘီကို ပြောပါတယ်။

“ဒါနဲ့ဆို တပ်က ထောက်ပံ့တာ ၃ ကြိမ်ရှိပြီ၊ ဗိုလ်မှူးချုပ်ဝင်းဇော်မိုးကိုယ်တိုင် ထောက်ပံ့ပေးတာ ၂ လ ပိုင်းအစမှာတခါ  ၁ လပိုင်းကုန်တုန်းက တခါ ထောက်ပံ့တယ်။ အခုတခေါက်  တောင်ကြီးနဲ့ ကလောကို အဓိကထားပေးတာ။”

ကလောမြို့အဝင်ရှိ ကလောစစ်ဦးစီးတက္ကသိုလ်နဲ့ ကလောတပ်နယ်အတွင်းရှိ ပအိုဝ်းပြည်သူ့စစ်တွေကို  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က အဓိကထားထောက်ပံ့တာလို့လည်း တပ်နယ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“ဆီဆိုင်ဘက်မှာ တိုက်ပွဲက အမြဲဖြစ်နေတော့ တပ်ကဥစတ(စစ်ဦးစီးတက္ကသိုလ်)ကို လာတိုက်မှာ ကြောက်နေတယ်။ အဲဒါကြောင့် ကလောနဲ့တောင်ကြီးက ပြည်သူ့စစ်တွေကို လက်နက်ချပေးတာ။”

အလားတူ  ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ပအိုဝ်းပြည်သူ့စစ်တွေကို လက်နက် ထောက်ပံ့ပေးခဲ့သလို ဇန်နဝါရီ  ၂၉ ရက်မှာလည်း ဒုတိယကြိမ် လက်နက်ထောင်ချီ ထောက်ပံ့ခဲ့ပြီး ပြည်သူ့စစ်သင်တန်းတွေ ပေးခဲ့ပါတယ်။

လက်တလော PNLA ခွဲထွက်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ဆီဆိုင်မြို့မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်တပ်တွေ ထိခိုက်သေဆုံးမှုတွေလည်းရှိပြီး ဒေသခံတွေလည်း စစ်ဘေးရှောင်တိမ်းနေရ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024