Home
မြန်မာသတင်း
မံစီမြို့နယ်၌ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
February 18, 2024
Man Si_18022024

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီ ၁၇ ရက်  မနက် ၅ နာရီဝန်းကျင်က စတင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့  ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပါတယ်။

တနေကုန်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက် လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဗန်းမော်ခရိုင်မှာ တာဝန်ထမ်းဆောင်နေတဲ့ KPDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

“စီခမ်းကြီးနားက တပ်စခန်းအကြီးပေါ့။ အဲဒါကို ဒီနေ့ (ဖေဖော်ဝါရီ ၁၇) ရက် မနက်ကနေ ဝင်တိုက်နေတာ၊တနေကုန်နီးပါးဖြစ်နေတယ်။ လေယာဉ်နဲ့ကောလာပြီး ဗုံးကြဲကူတာတွေ ရှိတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေတယ်၊ တခြားသေးစိတ် အခြေအနေတော့ မသိရသေးဘူး။”

စစ်ကောင်စီလေတပ်က တိုက်ပွဲမဖြစ်ခင် မနက် ၁ နာရီက‌ ၆ နာရီအထိ  မံစီမြို့နယ်ထဲက  ဂေါင်လွန်၊ ခါချင်နဲ့ မွန်ဆင့်ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်ခဲ့တယ်လို့  မံစီမြို့နယ်က ဒေသခံတဦးက  ပြောပါတယ်။

“တိုက်ပွဲတောင်မဖြစ်သေးဘူး လေယာဉ်နဲ့က အရင်လာပစ်နေပြီးမနက် ၁ နာရီလောက်ကနေ ရွာသုံးရွာလောက်ကို လာပစ်သွားတယ်လို့ မနက်မိုးလင်းတော့ သိရတယ်။ အရင် ရက်ကတည်းကလေယာဉ်နဲ့ကလာပစ်နေပြီး တိုက်ပွဲတွေတောင်မဖြစ်သေးဘူး။ ကေအိုင်အေတွေ ရှိနိုင်မယ်ထင်တဲ့နေရာတွေကို လိုက်ပစ်တာနေမှာပါ။ တခြားတော့ဘာမှ မကြားရသေးဘူး ပြည်သူတွေ ထိလား မထိလားလည်း ဘာမှ မကြားရသေးဘူးဖြစ်နေတယ်။”

ဖေဖော်ဝါရီ ၁၆ ရက် ညကလည်း  မံစီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ် ခ.လ.ရ(၄၇)၊ ခ.မ.ရ(၃၁၉) တပ်စခန်းတွေကနေ မံစီမြို့ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။

မံစီမြို့ပေါ် လက်နက်ကြီး  ၁၀ လုံး ကျော် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေနဲ့ ဘာသာရေး အဆောင်အအုံတွေ ထိခိုက်ပျက်စီးသွားတယ်လို့  မံစီ ဒေသခံဆီက သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေကြောင့် စီအူ၊ စီခန်းကြီး တကြောမှာရှိတဲ့ ကျေးရွာက ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး စီခမ်းကြီးကျေးရွာက ပြည်သူတွေ တိုက်ပွဲတွေကြားမှာ ပိတ်မိနေသူတွေ ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့ တပ်စခန်းဟာ ဗျူဟာကုန်း တပ်စခန်းဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်မှာရှိတဲ့ တပ်စခန်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024