DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်၏ ကမ္ဘောဒီးယားခရီးစဉ်အတည်ပြု၊ အဖမ်းခံရနိုင်ခြေရှိနေသလား
သုတချမ်းသာ
·
September 5, 2026
စစ်အာဏာရှင်၏ ဗီယက်နမ်ခရီးစဉ် (Photo : PPIB)
စစ်အာဏာရှင်၏ ဗီယက်နမ်ခရီးစဉ် (Photo : PPIB)
Donate to DVB

မြန်မာစစ်အာဏာရှင်သမ္မတဟာ စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံကို လာရောက်မယ်လို့ ကမ္ဘောဒီးယားအထက်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ Chea Thyrith က အတည်ပြုကြောင်း စက်တင်ဘာ ၄ ရက်နေ့က ကမ္ဘောဒီးယားအခြေစိုက်သတင်းတွေမှာ ဖော်ပြလာပါတယ်။

တဘက်မှာလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ လျှို့ဝှက်ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး နိုင်ငံတကာအဆင့်မှာ ICC နဲ့ လက်တွဲဆောင်ရွက်နေတဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေဆီက ဒီသတင်းစကား ထွက်ပေါ်လာတာဖြစ်တဲ့အတွက် အတိအကျအတည်မပြုနိုင်သေးပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ကိစ္စဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

ICC က ဖမ်းဆီးဖို့ လျှို့ဝှက်ဖမ်းဝရမ်းထုတ်ထားတဲ့သတင်းသာမှန်ခဲ့ရင် ကမ္ဘောဒီးယားနိုင်ငံဟာ ICC ရဲ့ Rome Statute မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် မြန်မာ စစ်အာဏာရှင်ဟာ ဥပဒေကြောင်းအရ အဖမ်းခံရနိုင်တဲ့အခြေအနေမှာ ရှိနေတာပါ။

အမေရိကန်အခြေစိုက် ရှေ့နေ Rosalin Zahau က “တကယ်လို့သာ ICC က မင်းအောင်လှိုင်နဲ့ပတ်သက်ပြီးတော့ ဖမ်းဝရမ်းကို လျှို့ဝှက်ထုတ်ထားတယ်ဆိုရင် ကမ္ဘောဒီးယားကိုသွားတဲ့အချိန်မှာ ICC ဘက်ကနေလည်း ဖမ်းဝရမ်းထုတ်ထားတဲ့သူ အလည်လာလို့ရှိရင် ဖမ်းပေးပါဆိုပြီး သူတို့တိုက်တွန်းစာ တင်ထားလိမ့်မယ်ပေါ့နော်၊။ လုပ်ထုံးလုပ်နည်းအရဆိုလို့ရှိရင် ICC ဘက်က အမြဲတမ်းတင်နေကျပေါ့။ ဆိုတော့ ဒီအခေါက်မှာလည်း ICC ဘက်ကသာ လျှို့ဝှက်ဖမ်းဝရမ်းထုတ်ထားတယ်ဆိုရင် ကမ္ဘောဒီးယားကို သူခရီးသွားတော့မယ်ဆိုတာ သိလို့ရှိရင် ICC ဘက်က ကမ္ဘောဒီးယားကို စာပို့မှာပါပဲ။ ကမ္ဘောဒီးယားက Rome Statue ကို လက်မှတ်ထိုးထားတဲ့နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် Rome Statue အောက်မှာပါတဲ့ လုပ်ထုံးလုပ်နည်းတွေကို သူလိုက်နာဖို့ လိုအပ်တယ်။ ဖမ်းဝရမ်းထုတ်ထားတဲ့သူကို ဖမ်းဖို့လိုအပ်တယ်။ တကယ်လုပ်၊ မလုပ် တကယ်ဖမ်း၊ မဖမ်းဆိုတာကတော့ နိုင်ငံရေးသဘောထားနဲ့လည်း ဆိုင်သွားပြီပေါ့နော်။ နိုင်ငံရေးနဲ့ ဥပဒေက အမြဲဒွန်တွဲနေတဲ့ဟာဆိုတော့ အဲဒီတခုတော့ ကျမတို့ သတိထားဖို့လိုတယ်ပေါ့နော်။ သူတို့ဘယ်လိုကိုင်တွယ်မလဲဆိုတာ ခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ ဥပဒေကြောင်းအရဆိုလို့ရှိရင် သူတို့ ဖမ်းကိုဖမ်းသင့်တဲ့ အနေအထားမှာရှိမယ်ပေါ့နော်။ တကယ်လို့ ဖမ်းဝရမ်းသာ ထုတ်ထားခဲ့တယ်ဆိုလို့ရှိရင်” လို့ ပြောပါတယ်။

ICC ရဲ့ ဥပဒေကြောင်းအရ တိုက်တွန်းချက်ကို မလိုက်နာတဲ့အဖွဲ့ဝင်နိုင်ငံတွေဟာ နိုင်ငံတကာမှာ သူတို့နိုင်ငံရဲ့ပုံရိပ်ပျက်စီးတာ၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံရေးအရ ပြစ်တင်ရှုတ်ချတာ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိသွားရောက်ပြီး ကြားနာဖြေရှင်းရတာတွေနဲ့ ကြုံတွေ့ရမှာပါ။ 

မြန်မာစစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံတဲ့ ခေါင်းဆောင်တွေဟာ သူ့ရဲ့လုပ်ရပ်တွေနဲ့ အလိုတူအလိုပါအဖြစ် နာမည်ပျက်မှာဖြစ်သလို မိမိနိုင်ငံတွင်း ပြည်သူတွေရဲ့ လေးစားမှုကိုလည်း ဆုံးရှုံးကြရဖို့ ရှိနေတာဖြစ်ပါတယ်။

ရှေ့နေ Rosalin Zahau က “လုပ်ထုံးလုပ်နည်းအရ သူတို့လုပ်ရမဲ့ဟာတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့မလုပ်ဘူးဆိုရင်တော့ Rome Statute ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်တွေအားလုံးက အစည်းအဝေးထိုင်ကြလေ့ရှိတယ်။ အဲဒီမှာ သူတို့မေးလိမ့်မယ်။ ဘာဖြစ်လို့ ICC ဘက်က စာတွေပို့ထားရက်သားနဲ့ Rome Statute ကို လက်မှတ်ထိုးထားတဲ့နိုင်ငံ တနိုင်ငံအနေနဲ့ လုပ်ရမဲ့ဟာကို ဘာလို့မလုပ်တာလဲဆိုပြီး မေးခွန်းတွေလည်း အမေးခံရမယ်။ ICC ဘက်ကလည်း စာချုပ်အတိုင်းမလိုက်နာဘဲနဲ့ မဖမ်းခဲ့ဘူးဆိုရင် သူတို့ကို ပြန်စစ်ဆေးကြားနာလိမ့်မယ်။ သူတို့ရဲ့တွေ့ရှိချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုလည်း ပို့နိုင်တဲ့အနေအထားမှာရှိလို့ရှိရင် သူတို့လွှဲလိမ့်မယ်ပေါ့။ Rome Statute ကို လက်မှတ်ထိုးထားတဲ့နိုင်ငံ ၁၂၅ နိုင်ငံရှိတယ်။ ဆိုတော့ ဒီ ၁၂၅ နိုင်ငံစလုံးက ဘယ်လိုအပြစ်ပေးမလဲဆိုတဲ့ဟာကတော့ ကျမတို့ စောင့်ကြည့်ရမဲ့ အနေအထားရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အမှုနဲ့ စစ်အာဏာရှင်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နှစ်ခုစလုံးမှာ အမှုရင်ဆိုင်နေရတာပါ။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ အစွဲခံရတဲ့အမှုနဲ့ပတ်သက်ပြီး တရားရုံးက အောက်တိုဘာလမှာ စီရင်ချက်ချဖွယ်ရှိတယ်လို့ တရားလို ဂမ်ဘီယာနိုင်ငံဘက်က ပြောဆိုထားပါတယ်။

ဒီအမှုနဲ့ပဲ ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မြန်မာစစ်အာဏာရှင်ခေါင်းဆောင် အပါအဝင် ၂၃ ယောက်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ထားပြီး စစ်အာဏာရှင်ခေါင်းဆောင်ကို နိုင်ငံတကာခရီးစဉ်တွေမှာ သက်ဆိုင်ရာအစိုးရတွေက ဖမ်းဆီးဖို့ အာဂျင်တီးနားတရားရုံးနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တို့ကနေတဆင့် ရိုဟင်ဂျာအရေးဆောင်ရွက်သူတွေက ဆက်တိုက်ဖိ အားပေးနေပါတယ်။

ဗြိတိန်အခြေစိုက်မြန်မာ-ရိုဟင်ဂျာအဖွဲ့ BROUK က ဦးထွန်းခင် က “မြန်မာပြည်မှာ ဒီစစ်တပ်က နှစ်ပေါင်းများစွာ ရိုဟင်ဂျာအပါအဝင် ကျနော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးကို နေ့စဉ်နဲ့အမျှ လူသားမျိုးနွယ်စုအပေါ်မှာ ရာဇဝတ်မှုကျူးလွန်တယ်။ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုလုပ်နေတယ်။ အာဂျင်တီးနားတရားရုံးကနေ ဖမ်းဝရမ်းဒီလိုထုတ်ထားတဲ့အတွက် ဆက်ပြီးလုပ်ဆောင်နေတဲ့အတွက် ကျေးဇူးတင်တယ်။ တဘက်မှာ ဖမ်းဝရမ်းထုတ်ထားသည့်အလျောက် ဒါကို အကောင်အထည်ဖော်ဖို့၊ ဆက်ပြီးတော့ လုပ်နိုင်တဲ့ဟာတွေ တရားရုံးကနေလုပ်ပေးဖို့ ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်။ စစ်တပ်သည် ဒီလိုဖမ်းဝရမ်းထုတ်ထားပြီးတဲ့အချိန်မှာတောင် ရာဇဝတ်မှုတွေ ဆက်ပြီးကျူးလွန်သွားမယ်ဆိုရင် ဒါကြီးက ဘာတခုမှ အရာရောက်မှာမဟုတ်ဘူးလေ။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ တရားရုံးကိုရော၊ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ကိုရော စာရေးပြီးတောက်လျှောက် ဖိအားပေးပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ အထူးသဖြင့် ခရီးသွားတဲ့အချိန်မှာဆိုရင် ပိုအဆင်ပြေ၊ အားအကောင်းဆုံးပေါ့နော်။ အဲဒီလို ဖမ်းဆီးနိုင်မဲ့ အနေအထားတွေလုပ်နိုင်အောင် ကျနော်တို့ တရားရုံးကိုတောင်းဆိုထားပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ Rome Statute မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံမဟုတ်သေးပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ICC ရဲ့ တရားစီရင်မှုကိုလက်ခံကြောင်း ထုတ်ပြန်ပြောဆိုထားတာပါ။

NUG က နိုင်ငံရေးအရ အစိုးရတရပ်အဖြစ်တရားဝင်မှုကို တော်လှန်ရေးအောင်ချိန်အထိ ထိန်းသိမ်းနိုင်ခဲ့ရင် Rome Statute မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်မှာဖြစ်သလို မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်ရဲ့အကြမ်းဖက်ရာဇဝတ်မှုတွေကို ICC မှာ ထိထိရောက်ရောက် တန်ပြန်တရားစွဲဆိုနိုင်မှာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ တရားရေးဆိုင်ရာ ကမ္ဘာ့ခုံရုံးတွေနဲ့ဆက်စပ်တဲ့အရေးကိစ္စတွေမှာ အမေရိကန်အစိုးရက အစဉ်တစိုက်ဦးဆောင်ပါဝင်ခဲ့ပြီး ဩဇာကြီးတဲ့နိုင်ငံရဲ့အရှိန်ကြောင့် အောင်မြင်မှုတွေရှိခဲ့ပေမဲ့ လတ်တလော ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာတော့ ICC၊ ICJ တို့ကို အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံတချို့ရဲ့ ထောက်ခံအားပေးမှု လျော့ပါးနေတာတွေ့ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013