DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းပထမအပတ်စဉ် မပါအောင် ပြည်ခရိုင်အတွင်း၌ ငွေတောင်းနေ
DVB
·
February 17, 2024
စစ်မှုထမ်းပထမအပတ်စဉ် မပါအောင် ပြည်ခရိုင်အတွင်း၌ ငွေတောင်းနေ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်က ပြည်၊ ပေါက်ခေါင်းမြို့နယ်နဲ့ ဝက်ထီးကန်၊ ပေါင်းတလည်မြို့တို့မှာ စစ်မှုထမ်းဖို့ စာရင်းပါသူတွေကို ပထမအသုတ်မှာ မပါရအောင်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ငွေ ၆ သောင်းကနေ ၁ သိန်းအထိ တောင်းခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ နိုင်ငံသားတွေ စစ်မှုထမ်းရမဲ့ ဥပဒေကို စစ်ကောင်စီက အတည်ပြုခဲ့ပြီးနောက် စစ်မှုထမ်းဖို့ အချက်အလက် စာရင်းတွေ လိုက်လံကောက်ခံနေပြီး စာရင်းပါသူတွေထဲက ပထမအပတ်စဉ်မှာ မပါချင်သူတွေကို ငွေကြေးကောက်ခံနေတာလို့ ဆိုပါတယ်။

ပြည်မြို့ခံတယောက်က “၁ လုံး၊ ၂ လုံး၊ ၃ လုံးသမားတွေကို လိုင်းကြေးကောက်တဲ့ အဖွဲ့တွေက တောင်းတာပေါ့။ စစ်မှုမထမ်းချင်တဲ့သူ လူငယ်လူလတ်ပိုင်းတွေကတော့ ပေးကြတယ်။ ကျနော်ကျ မပေးဘူး။ အာမခံချက် ဘာမှမရှိဘူး။ ပိုက်ဆံပေးထားလည်း သူတို့လာခေါ်ပြီဆို လိုက်ရမှာ” လို့ ပြောပါတယ်။

လောင်းကစားသမားတွေကို လစဉ် လိုင်းကြေးကောက်တဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့(စရဖ)၊ ရဲတပ်ဖွဲ့နဲ့ မှုခင်းတပ်ဖွဲ့တို့က လောင်းကစားသမားတွေနဲ့ပေါင်းပြီး ငွေတောင်းနေကြတာလို့ သိရပါတယ်။

ချဲရောင်းသူနဲ့ လောင်းကစားသမားတွေက သူတို့ဆီက လိုင်းကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းဖို့ အချက်အလက်ပြည့်မီသူတွေကို ချိတ်ဆက်ပေးပြီး စစ်မှုထမ်း ပထမဆုံး အပတ်စဉ်ကို ရှောင်ရှားနိုင်ဖို့ အခုလို လုပ်နေကြတာလို့ သိရပါတယ်။ 

ဝက်ထီးကန်ဒေသခံတယောက်က “သတင်းတွေထွက်ပြီး နောက်ရက်မှာ ငွေပေးပြီး ညှိလို့ရတယ်ကြားတယ်။ အဲဒီရက်ကဆိုရင် ၄ သောင်းပဲပေးရတယ်။ အခုရက်ကျ မရတော့ဘူး။ အနည်းဆုံး ၆ သောင်း။ ငွေကြေးတတ်နိုင်သူတွေဆို ၁ သိန်းအထက်ထိ တောင်းတယ်” လို့ ပြောပါတယ်။

ဒီလို ငွေပေးတာဟာ တိကျသေချာတဲ့ဖြေရှင်းနည်းမဟုတ်ဘဲ တရားမဝင် ငွေတောင်းတာ သက်သက်ဖြစ်ဖြစ်တယ်လို့လည်း ဒေသခံတွေအကြား ပြောဆိုဝေဖန်နေကြတယ်လို့ သိရပါတယ်။

စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ကောင်စီက အတည်ပြုပြီးတဲ့ရက်ကစလို့ လူငယ် လူလတ်ပိုင်းအများစုဟာ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တို့ကို အသွားအလာ နည်းသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲကိုဝင်ဖို့ စုံစမ်းနေတာမျိုးရှိသလို ငွေကြေးတတ်နိုင်သူတွေ ကတော့ ပြည်ပကိုထွက်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013