
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စာသင်ကျောင်းအပါအဝင် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့တယ်လို့ မြေပြင် အချက်အလက်တွေအရ သိရပါတယ်။
ဧပြီ ၁၂ ရက် မနက်က ပခုက္ကူမြို့၊ လေယာဉ်ကွင်းအနီးရှိ မြောက်လူးကန်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး မီးလောင်မှုကြောင့် အခြေခံပညာ အထက်တန်းကျောင်းနဲ့ လူနေအိမ်တွေ အများအပြား ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။
နေအိမ်ပျက်စီးမှု အတိအကျကို အတည်ပြုနိုင်ခြင်း မရှိသေးပေမဲ့ NASA ရဲ့ FIRMS (Fire Information for Resource Management System) အချက်အလက်အရ အဆိုပါနေရာမှာ မီးလောင်မှု hotspot တွေ တစုတစည်းတည်း ပေါ်ထွက်လာတာကို တွေ့ရပါတယ်။
Copernicus Programme Satellite Imagery အရ မီးမလောင်မီ ဧပြီ ၁၁ ရက်နဲ့ မီးလောင်ပြီးနောက် ဧပြီ ၁၄ ရက်နေ့ ပုံတွေကို နှိုင်းယှဉ်ကြည့်ရာမှာ အကြီးစား မီးလောင်မှု ဖြစ်ပွားခဲ့တာကို ထောက်ခံညွှန်ပြနေတာ တွေ့ရပါတယ်။










