
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ စက်ရုံအချို့ဟာ အလုပ်သမားတွေကို ကြိုတင်အကြောင်းမကြားဘဲ အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်တာတွေ၊ စက်ရုံအလုပ်ရပ်နားတာတွေကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားတွေ အခက်အခဲကြုံနေရပါတယ်။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ထဲက အဲကွန်းစက်ရုံတခုမှာ အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်ကနေ အလုပ်သွင်းပေးခ (စမတ်ကြေး) ၇,၅၀၀ ဘတ် ပေးပြီး အလုပ်ဝင်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၆၂ ယောက်ဟာ အလုပ်ဝင်ပြီး ၂ လလောက်အကြာမှာ ကြိုတင်အသိပေးတာ မရှိဘဲ အလုပ်ဖြုတ်ခံလိုက်ရပါတယ်။
အလုပ်သမားတွေဟာ ဧပြီလအတွင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကို အကူအညီ တောင်းခံခဲ့ကြပြီး အဲဒီကတဆင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားခဲ့ကြပါတယ်။
တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းမှုအပြီး အလုပ်သွင်းပေးတဲ့ အေးဂျင့်ဘက်က အလုပ်သမား ၅၄ ယောက်အတွက် စမတ်ကြေး စုစုပေါင်း ၄၀၅,၀၀၀ ဘတ် ပြန်ပေးခဲ့ပြီး ကျန် ၈ ယောက်စာကို သင်္ကြန်ပြီးနောက် လာရောက်ထုတ်ယူနိုင်မယ်လို့ သိရပါတယ်။
WAG အလုပ်သမားမဟာမိတ်အဖွဲ့ ဦးဆောင်သူက “ဒီရက်ထဲမှာတော့ အလုပ်တွေ ပြုတ်တဲ့ကိစ္စတွေ၊ နောက်ပြီး ကြိုတင်အကြောင်းမကြားဘဲ အလုပ်ပြုတ်တဲ့ကိစ္စတွေ အဲဒါတွေတော့ ကျနော်တို့ဆီ တော်တော်ကြားသိနေရတယ်။ ကျနော်တို့တွေက မြန်မာနိုင်ငံကတက်လာတဲ့ အလုပ်သမားတွေက အထောက်အထားမဲ့တွေများတယ်။ အဓိကကတော့ စက်ရုံတွေက မြန်မာပွဲစားတွေ၊ စကားပြန်တွေက အလုပ်သမားတွေကို ပန်းရောင်ကတ် (ဘတ်) ရိုက်ပေးကြတယ်။ ဘတ်ရိုက်ပေးပြီးတော့ လောလောဆယ်တက်လာတဲ့ အလုပ်သမားတွေကျတော့လည်း တခြားနေရာ အလုပ်ရွှေ့ပြောင်းလို့မရအောင် အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေကို ဘိုင်သေ ကိုင်ထားတယ်။ တခြားအလုပ်ကို သွားလို့မရအောင်၊ အဓိကကတော့ မြန်မာစကားပြန်တွေ ပွဲစားတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ ခံရတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်အတွင်းကလည်း ချွန်ဘူရီမြို့နယ်ထဲက တခါသုံး ဆိုလာဖလင်လိတ် စက်ရုံတခုမှာ ၇ လကြာ အလုပ်လုပ်ခဲ့တဲ့ မြန်မာအလုပ်သမား ၃၂ ယောက်ဟာ လုပ်အားခ ပုံမှန်မရတာ၊ အလုပ်ရှင်က တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာတွေအပြင် အကြောင်းမဲ့ အလုပ်ထုတ်ခံရပါတယ်။
ဧပြီ ၃ ရက်မှာ WAG အဖွဲ့သားတွေ၊ FED (NGO) အဖွဲ့အစည်းနဲ့ MAV အဖွဲ့အစည်းတို့ ပူးပေါင်းကူညီပေးတာကြောင့် အလုပ်သမား ၃၂ ယောက်အတွက် ကျန်ရှိနေတဲ့ လုပ်အားခ ဘတ် ၆,၀၀၀ ကနေ ၁၁,၀၀၀ အထိ အသီးသီး ပြန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုကာလမှာ စက်ရုံအများစုက နေ့စားလုပ်သားတွေသာ အများဆုံးခေါ်ကြတာဖြစ်ပြီး၊ ပွဲစားအချို့က အလုပ်သမားတွေဆီကနေ စမတ်ကြေး အဆမတန်တောင်းကာ၊ အလုပ်တွေကို မက်လုံးပေး ခေါ်ယူတာတွေ ရှိနေပါတယ်။
အလုပ်ဖြုတ်ခံရသူတယောက်က “ပွဲစားတွေက အဲစက်ရုံမှာ အလုပ်ခေါ်တယ်။ အမှန်တကယ်က အဲစက်ရုံက နေ့စားအလုပ်သမားပဲ ခဏခေါ်ခိုင်းတာ။ ဒါပေမဲ့ ပွဲစားတွေ၊ အေဂျင်စီတွေက စမတ်ကြေးတွေယူပြီး လူတွေသွင်းတာ။ စမတ်ကြေးတွေ သောင်းကျော်ယူပြီးသွင်းတာ။ တချို့လူတွေဆိုရင် လုပ်ခလစာတွေလည်း မရဘူး။ စမတ်ကြေးတွေလည်း ပြန်မရဘူး။ အလုပ်က ဖြုတ်ခံလိုက်ရတော့ နောက်အလုပ်က ရှာဖို့ခက်နေတာ။ ပိုက်ဆံကလည်း စမတ်ကြေးတွေလည်း ပြန်မရတော့ ပိုက်ဆံမရှိတော့ ဒီတိုင်းပဲထိုင်ပြီး အခက်အခဲတွေ ရောက်နေတာပေါ့။ စက်ရုံတွေကတော့ စမတ်ကြေး မယူဘူး။ ပွဲစားတွေက ကြားထဲက စမတ်ကြေးဆိုပြီး အလုပ်သွင်းပေးခ တောင်းတာ။ စမတ်ကြေးဆိုတာ လုပ်ယူတာပေါ့” လို့ ပြောပါတယ်။
ထိုင်းမှာ အလုပ်ဖြုတ်ခံရတာတွေ ဆက်တိုက်ရှိလာတာဟာ စက်ရုံတွေမှာ အလုပ်အော်ဒါရရှိမှု နည်းပါးတာ၊ စက်သုံးဆီဈေး မြင့်တက်လာတာနဲ့ ကုန်ကျစရိတ်များတာတွေကြောင့်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ခန့်မှန်း ပြောဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်အကိုင် မတည်ငြိမ်တာတွေ ဆက်လက်ရှိနေပြီး အလုပ်သမားအခွင့်အရေး ကာကွယ်ရေး လိုအပ်ချက်တွေ ပိုမိုမြင့်တက်နေတယ်လို့လည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
(ပုံစာ) မတ်လက ချွန်ဘူရီရှိ အထပ်သားပြားစက်ရုံက အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သားများ အလုပ်သမားရပိုင်ခွင့်များရရှိရေး တောင်းဆိုညှိနှိုင်းနေကြစဉ်။ ( Photo: 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ)










