
ပိတ်သိမ်းဖို့ရှိတဲ့ Teng Hui စက်ရုံက အလုပ်သမားတွေကို တခြားစက်ရုံတွေက ခေါ်ယူ အလုပ်ပေးနိုင်အောင် ချိတ်ဆက်ထားတယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန (အလရ) ညွှန်ကြားရေးမှူးချုပ်က စက်တင်ဘာ ၇ ရက်မှာ ပြောပါတယ်။
Teng Hui သိုးမွေးစက်ရုံ ပိတ်သိမ်းမှာနဲ့ ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံညှိနှိုင်းကာ အလုပ်အကိုင် အခွင့်အလမ်း မဆုံးရှုံးရအောင် စီစဥ်ထားတယ်လို့ သူက အသိပေး ပြောသွားတာ ဖြစ်ပါတယ်။
အလရ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ဦးက “လှိုင်သာယာ(အရှေ့/အနောက်) နယ်မြေအတွင်းက အခုစက်ရုံနဲ့ လုပ်ငန်းတူ စက်ရုံအလုပ်ရုံများမှ အလုပ်သမားလိုအပ်ချက်ကို တောင်းခံထားပြီး အလုပ်သမားများဆန္ဒအပေါ် မူတည် စီစဥ် ဆောင်ရွက်ပေးမယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အလုပ်သမားတွေ ကိုယ့်အစီအစဥ်နဲ့ကိုယ် တခြားမြို့နယ်တွေက စက်ရုံတွေဆီ ပြောင်းရွှေ့ လုပ်ကိုင်မယ်ဆိုရင်လည်း ပေါင်းစပ်ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
Teng Hui သိုးမွေးစက်ရုံမှာ အလုပ်သမား ၂,၀၀၀ ကျော်ရှိပြီး ကုန်ကြမ်းရရှိမှု အခြေအနေ လုံလောက်မှုမရှိတာ၊ Order နည်းပါးလာတာတွေကြောင့် ခေတ္တဆိုင်းငံ့ထားဖို့ ဖြစ်လာတာလို့ စက်ရုံဘက်က ပြောပါတယ်။
စက်ရုံပိတ်သိမ်းရတဲ့အတွက် အလုပ်သမားတွေရဲ့ လုပ်သက်အကျိုးခံစားခွင့်ကို စက်တင်ဘာ ၂၀ ရက်၊ နစ်နာကြေးကို စက်တင်ဘာ ၂၅ ရက်နဲ့ အခုလ လုပ်ခလစာကို စက်တင်ဘာ ၃၀ ရက်တို့မှာ ပေးချေသွားမယ်လို့ ဆိုပါတယ်။
Teng Hui သိုးမွေးစက်ရုံမှာ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ H&M အထည်ချုပ်လုပ်တာဖြစ်ပြီး အဆိုပါအမှတ်တံဆိပ်ကုမ္ပဏီက ပြည်တွင်းမှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ဆိုးရွားစွာ ဖြစ်နေလို့ဆိုကာ လုပ်ငန်းအပ်နှံတာ ရပ်ဆိုင်းလိုက်တာကြောင့် စက်ရုံပိတ်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။











