DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင် ခေါ်စာအသစ်များ ပြန်လက်ခံ၊ ပြည်ပထွက်ခွင့် ကန့်သတ်ခြင်းမရှိဟုဆို
DVB
·
February 15, 2024
ပြည်ပအလုပ်အကိုင် ခေါ်စာအသစ်များ ပြန်လက်ခံ၊ ပြည်ပထွက်ခွင့် ကန့်သတ်ခြင်းမရှိဟုဆို
Donate to DVB

ပြည်ပအလုပ်အကိုင်အတွက် အလုပ်ခေါ်စာအသစ် (Demand Letter) တင်တာတွေ ဖေဖော်ဝါရီ ၁၄ ရက်က ရပ်ဆိုင်းထားခဲ့ပြီး ဒီနေ့မှာ ပုံမှန်ပြန်တင်နိုင်ပြီလို့ စစ်ကောင်စီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အေဂျင်စီတွေကို အသိပေးထားပါတယ်။

Demand Letter အသစ်တွေကို အရင်ပုံမှန်အတိုင်း ပြန်တင်နိုင်ပြီလို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ တယ်လီဂရန် Safe Migration ကနေ ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့လယ်မှာ အသိပေးထားပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တဦးက “မနေ့က Demand အသစ်တွေတင်တာရပ်ဖို့ ပြောတော့ အကုန်ပျာယာခတ်ကုန်တာ။ တရားဝင်ညွှန်ကြားစာနဲ့ ပြောတာမျိုးတော့ မဟုတ်ဘူး။ ဒီနေ့ကျတော့ ပြန်တင်လို့ရပြီ ပြောတယ်။ ပြည်ပထွက်ခွင့်တွေလည်း အရင်အတိုင်းပဲလို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်ပြီးနောက် ပြည်ပထွက်ခွာတာတွေနဲ့ ပတ်သက်လို့ သတင်းမျိုးစုံထွက်ပေါ်နေခဲ့ပြီး ပြည်သူတွေကြား စိုးရိမ်နေကြတယ်လို့ ပြည်ပ သွားရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတွေက ဆိုပါတယ်။

လက်ရှိမှာ ပြည်ပထွက်ခွာလိုသူတွေလည်း တနေ့တခြား များပြားနေပြီး ပြည်ပအလုပ်အကိုင်အတွက် စုံစမ်းမေးမြန်းတာတွေ မြင့်တက်နေတယ်လို့ အေဂျင်စီအသိုက်အဝန်းက ပြောပါတယ်။

အမည်မဖော်လိုတဲ့ အေဂျင်စီလုပ်ငန်းရှင်တဦးက “အခုက ခွင့်ပြုချက်ကျပြီးသားသူတွေ အမြန်ထွက်ခွင့်ရဖို့တောင် မနည်းဆုတောင်းနေရတာ။ ဒီဘက်က သွားချင်သူများနေလည်း တဖက်က ခေါ်သလောက်ပဲ လွှတ်လို့ရတာ” လို့ ပြောပါတယ်။

လက်ရှိမှာ လေကြောင်းကနေ ပြည်ပထွက်ခွာခွင့် ကန့်သတ်ပိတ်ထားတယ်ဆိုတဲ့ သတင်းစကားတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ငြင်းဆိုထားပါတယ်။

ပြည်သူ့စစ်မူထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာတဲ့နေ့ကစပြီး လူဝင်မှုကြီးကြပ်ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ပြည်ပဝင်/ထွက်ခွင့်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ် နဲ့ နယ်စပ်ဂိတ်တွေမှာ စိစစ်တားဆီးဖို့ ညွှန်ကြားတာ၊ ကန့်သတ်ချက်တွေ ထုတ်ပြန်ဆောင်ရွက်ထားတာ မရှိကြောင်းနဲ့ အရင်အတိုင်း စနစ်တကျ ဝင်/ထွက်ခွင့် ဆောင်ရွက်ပေးနေတယ်လို့ အဲဒီဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013