DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့ကို စစ်ကောင်စီတပ် ပြန်သိမ်း၊ စစ်ဘေးသင့်ဒေသခံ ၁၅,၀၀၀ ခန့် အခက်တွေ့
DVB
·
February 15, 2024
ကောလင်းမြို့ကို စစ်ကောင်စီတပ် ပြန်သိမ်း၊ စစ်ဘေးသင့်ဒေသခံ ၁၅,၀၀၀ ခန့် အခက်တွေ့
Donate to DVB

စစ်ကောင်စီက ပြန်သိမ်းယူထားတဲ့ ကောလင်းမြို့ရဲ့ အနီးဝန်းကျင်မှာ မြို့ခံ ၁၅,၀၀၀ ကျော် စစ်ဘေးသင့်နေပြီး စားနပ်ရိက္ခာလမ်းကြောင်းတွေ ပိတ်ဆို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ကို ပြန်သိမ်းယူသွားပြီလို့ ဒေသ သတင်းတွေ ထုတ်ပြန်တဲ့ Kawlin Revolution-KR က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အတည်ပြုခဲ့တာပါ။

ဇန်နဝါရီလကုန်ပိုင်းကစပြီး စစ်ကောင်စီက ကောလင်းမြို့ကို အင်အားသုံး တိုက်ခိုက်ခဲ့တာဖြစ်ပြီး အချိန် နှစ်ပတ်အတွင်းမှာ ပြန်လည်သိမ်းယူခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်သတင်းကို ဒေသခံပြည်သူတွေ ကြိုတင်ရရှိခဲ့တဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ခဲ့ပေမဲ့ မြို့ကိုတော့ ဒေသကာကွယ်ရေးအဖွဲ့တွေက လက်လွှတ်လိုက်ရပါတယ်။

စစ်ကောင်စီ ပြန်လည်သိမ်းယူပြီးနောက် မြို့တွင်းအခြေအနေတွေကို အတိအကျ မသိရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့ခံတဦးက “လက်ရှိ ကောလင်းဒေသခံတွေရဲ့ အခြေအနေကတော့ အခက်ခဲဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ပေါ့။ မြို့ကိုပြန်ပေးလိုက်ရပြီ ဖြစ်တဲ့အတွက် စိတ်မကောင်းတာတွေ၊ နောက် ရှေ့ဆက် ဘယ်လိုဆက်သွားရမလဲ ဆိုတဲ့အရာတွေပေါ့နော်။ မီးက ဒီနေ့ထိအောင် မီးညွန့်ဆိုတာထက် မီးခိုးက ရှိနေတုန်းပဲ။ ဒီအခြေအနေနဲ့ဆိုတော့ စိတ်ခံစားချက်ကတော့ အဆင်ပြေနေတာ မရှိဘူးဗျ။ မြို့နေလူထုက နှစ်သောင်းဝန်းကျင် ရှိတဲ့အခါမှာ တချို့ကလည်း ကောလင်းမြို့ကို စွန့်ခွာပြီးတော့ ဒီကနေ မဖြစ်ခင်ကတည်းက ထွက်သွားတဲ့သူတွေလည်း ရှိတာပေါ့။ စစ်ရှောင်အင်အားက တသောင်းခွဲဝန်းကျင်မှာ ရှိနေတယ်။ ပအဖတို့၊ အုပ်ချုပ်ရေးတို့၊ ကာကွယ်ရေးတို့ဘက်က နေပြီးတော့မှ ကူညီပြီး စောင့်ရှောက်ပေးနေတဲ့ အပိုင်းတွေတော့ ရှိတယ်ပေါ့။ အဆင်ပြေလားဆိုရင်တော့ ကိုယ့်အိမ် ကိုယ့်ရာမှာ နေရတာ မဟုတ်တဲ့အတွက် အဆင်ပြေမှာမဟုတ်ဘူး။ တချို့ဆို နေစရာ ပြန်စရာ အိမ်မရှိတဲ့ အနေအထားတွေ ရောက်သွားပြီဖြစ်တဲ့အတွက် ဘယ်ကနေပြန်စလို့ စရမယ်ဆိုတာ မသိတဲ့ အနေအထားမျိုးတွေ ဖြစ်နေတာမျိုးတွေ ရှိတယ်ဗျ” လို့ ပြောပါတယ်။

ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့တာပါ။

ဇန်နဝါရီ ၁၂ ရက်နေ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီနဲ့ ယာယီအပစ်ရပ်ပြီးနောက် စစ်ကိုင်းနဲ့ ရခိုင်ပြည်နယ်က လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်ရယူဖို့ စစ်ကောင်စီက ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ကောလင်းမြို့ခံတဦးက “ကျနော်တို့ အများကြီး မပြောလိုဘူးဗျ။ မတတ်နိုင်ဘူးပေါ့နော်။ ဒီတော်လှန်ရေးမှာက ကျနော်တို့ထက် အသက်တွေ ပေးဆပ်သွားသူတွေလည်း ရှိပြီးပြီလေ။ ကျနော်တို့က အိမ်လေးမီးလောင်တာက လူမသေသေးတဲ့အတွက် ပြန်ဆောက်ရမှာပေါ့ဗျာ။ သုညကနေ ပြန်စရမှာပေါ့။ စရုံပေါ့ ဘယ်တတ်နိုင်လဲ။ ဒါကြီးပြီးမှ အေးမှာဆိုတော့ မြန်မြန်ပြီးလေ ကောင်းလေပေါ့။ အနောက်ခြမ်းဖြစ်မယ်ဗျ၊ သူတို့ရဲ့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းပေါ့နော်။ မြို့တွင်းကနေ ဖြတ်ပြီးတော့မှ ဗျူဟာလမ်းမကြီးပေါ်သွားတဲ့ တလမ်းပဲရှိတယ်။ အဲ့လမ်းက ပိတ်နေတာ ဖြစ်တဲ့အတွက် ဒီစစ်ရှောင်တွေရှိနေတဲ့ဘက် အခြမ်းက ကုန်စည်ပြတ်တောက်မှုတွေ၊ ကုန်စုံဆိုင်တွေမှာပါ သူတို့ ရောင်းနေကြ ကုန်ပစ္စည်းတွေ လျော့နည်းလာတဲ့ အနေအထားတွေရှိနေတယ်” လို့ ပြောပါတယ်။

ကောလင်းမြို့ကို ပြန်သိမ်းယူဖို့ စစ်ကောင်စီက ကန့်ဘလူနယ်ထဲက သင်္ကန်းဝတ် ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတွေရဲ့ အကူအညီကို ရယူခဲ့တာပါ။

ကန့်ဘလူနယ်ထဲမှာ ပျူစောထီးအင်အား ထောင်နဲ့ချီပြီး အင်အားကောင်းနေတာကြောင့် ကိုးထောင်ဘို့တိုက်နယ် အပါအဝင် ကန့်ဘလူနယ် မြောက်ပိုင်းတခြမ်းလုံးက ရွာသူရွာသားတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာ နှစ်နဲ့ချီ ကြာမြင့်နေပြီလို့ ဒေသ ပအဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ကြာတာတော့ နှစ်ပေါက်နေပြီ။ အခုက ပိုဆိုးတာပေါ့။ မနက်ကတောင် ပေါက်ဆိန်ကုန်းကနေ ကန်ကြီးအနောက်ကို ပြန်ထိုးနေကြတာ။ ချပ်သင်းကိုရောက်လာတဲ့ အင်အားတော့ ၁၀၀ လောက်ရှိမယ်ထင်တယ်။ နှစ်ပေါက်အောင်က ကိုးတောင်ဘို့၊ လျှော်ဖြူကုန်း၊ ချပ်ကုန်း၊ နှောကုန်း၊ ဇော်ချောင်း၊ ချပ်သင်း ရှိမယ်။ အဓိကကတော့ အဲ့ဒါ သူတို့ဝင်ထိုင်တဲ့ရွာတွေ၊ တခြားရွာတွေကလည်း မနေရဲတော့ဘူးလေ။ မနေရဲဘဲ အပြင်တွေပဲ ရှောင်နေရတော့တာ။ ပြောမယ်ဆိုရင်တော့ သူတို့ စစ်ရေးပစ်မှတ်ကြီးလုပ်ရင်တော့ သိပ်ပြဿနာ မရှိဘူးပေါ့ဗျာ။ အခုဟာက မဆိုင်တဲ့ဟာတွေရော လုပ်နေတော့ ဆိုးတာပေါ့။ ဘုန်းကြီးကျောင်း ၄ ကျောင်းရယ် နေအိမ်ကတော့ ၁၀ လုံးလောက်ထိတာပေါ့။ ဒေသခံပြည်သူကတော့ ရှောင်လိုက်နိုင်တာပေါ့ဗျာ။ အရင်ကတည်းက စစ်ရေးသတိက ရှိနေကြတာဆိုတော့လေ။”

၂၀၁၄ သန်းခေါင်စာရင်းအရ ကောလင်းမြို့ပေါ်မှာ နေထိုင်တဲ့ ပြည်သူ ၂၀,၀၀၀ ကျော်၊ ကောလင်းမြို့နယ် ကျေးလက်ဒေသမှာ နေထိုင်တဲ့ ပြည်သူ ၁၂၀,၀၀၀ ကျော်ရှိပြီး အဲ့ဒီစာရင်းတွေအရ စုစုပေါင်း ပြည်သူ ၁၄၀,၀၀၀ ဝန်းကျင် စစ်ဘေးသင့်နေတယ်လို့ ဒေသတွင်း အကူအညီပေးနေသူတွေက ခန့်မှန်းပါတယ်။

စစ်ကိုင်းတိုင်းမှာ ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူးမြို့တွေကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၃ နှစ်ကုန်ပိုင်းမှာ သိမ်းယူထားခဲ့ပြီး လတ်တလောမှာတော့ ကောလင်းမြို့ကို ပြန်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013