DVB Logo
Home
Lead Story
မရှင်သန်နိုင်တော့တဲ့ စစ်အာဏာရှင်တပ် (သို့) တင်းပြီး ပါးလာနေတဲ့ ရေပူစီဖောင်း
DVB
·
February 15, 2024
မရှင်သန်နိုင်တော့တဲ့ စစ်အာဏာရှင်တပ် (သို့) တင်းပြီး ပါးလာနေတဲ့ ရေပူစီဖောင်း
Donate to DVB

လူသားတဦးရဲ့ ကျန်းမာရေးအခြေအနေ၊ လုပ်ငန်းကုမ္ပဏီတခုခုရဲ့ ဘဏ္ဍာရေးအခြေအ‌နေနဲ့ ရှင်သန်နိုင်စွမ်းဖြစ်ဖြစ် လက်နက်ကိုင်အဖွဲ့အစည်းတရပ်ရဲ့ သက်တမ်းကြံ့ခိုင်မှု တာရှည်ခံနိုင်မှုတွေ ဆိုတာ သက်ဆိုင်ရာ ပညာရှင်တွေက ပြသနေတဲ့ ရောဂါလက္ခဏာတွေ၊ အချက်အလက် ကိန်းဂဏန်းတွေကို ကြည့်ရှုဆန်းစစ်ပြီး အခြေအနေကောင်းတယ်၊ ဆိုးတယ်၊ ဘယ်တော့ ဆုံးပါးမယ်၊ ဘယ်တော့ပြိုလဲ ပျက်သုဉ်းနိုင်မယ် ဆိုတာ ခန့်မှန်းတွက်ချက်နိုင်ကြပါတယ်။ အချိန်ကာလ အနည်းငယ်သာ လွဲနိုင်ပေမဲ့ ခန့်မှန်းချက်ဟာ သိပ်မကွာလှဘဲ မှန်ကြတာပါပဲ။

လူသားတဦးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ဥပမာပေးရရင် ငယ်ရွယ်ခွန်အားရှိစဉ် အရွယ်မှာ ကျန်းမာရေးအသိ အားနည်းလို့ဖြစ်စေ၊ တမင်ဂရုမစိုက်လို့ဖြစ်စေ၊ အဆင်ခြင်မဲ့စွာ နေထိုင်စားသောက်ပြီး ကျန်းမာရေးနဲ့ မညီညွတ်စွာ နေထိုင်လာရင်း တဖြည်းဖြည်း ကျန်းမာရေး ချို့တဲ့လာတဲ့အခါ ပထမအဆင့် ရောဂါလက္ခဏာတွေ စပြလာပါတယ်။

ကိုယ်အလေးချိန် တက်လာတာ၊ သွေးပေါင်ချိန် တက်လာတာ၊ ဦခေါင်းက မရှင်းလင်းတော့ဘဲ ခေါင်းခဲ၊ မကြာခဏ မူးနောက်လာတာ၊ ကိုယ်ခံအားနည်းပြီး မကြာခဏ ဖျားလာတတ်တာ၊ ချောင်းဆိုး သွေးပါလာတာ၊ ဝမ်းတလုံးမကောင်းတဲ့အခါ ဆီးချုပ် ဝမ်းချုပ်၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်၊ အသည်းအဆီဖုံးလာတာ၊ ဆီးချိုရောဂါ စတဲ့ လက္ခဏာ‌မျိုးစုံ ပြလာပါတော့တယ်။

အဲဒါကိုမှ ဂရုမစိုက်သေးဘဲ ဆရာဝန်ပြောတာကို မလိုက်နာဘူး၊ အနေအထိုင် မှားနေတာတွေ မပြင်ဆင်ဘဲ ဆက်မိုက်မဲပြီး ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ဘဲ ပေတေပြီး ဖြစ်သလို ဆက်နေမယ်၊ ဆေးမစားဘူး၊ လိုအပ်သလို မကုသဘူး ဆိုရင်တော့ ရောဂါရင့်သထက်ရင့်လို့ မကြာခင် ရောဂါကျွမ်းသွားပြီး ဆေးမမီနိုင်တော့ဘဲ အရွယ်မတိုင်ခင် ဆုံးပါးလို့ အသက်တိုရတတ်ပါတယ်။

ဒီကနေ့ တပ်မတော် အမည်ခံ စစ်အာဏာရှင်တပ် ဖြစ်နေတာ အဲဒီသဘောမျိုးပဲ ဖြစ်ပါတယ်။ နိုင်ငံ့‌ခေါင်း‌ဆောင်‌ကောင်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လို့ တိုင်းတပါးနယ်ချဲ့ထံက‌နေ လွတ်လပ်ရေးအရယူဖို့ ရည်ရွယ်ချက်ကောင်း ခံယူချက်မှန်ကန်စွာနဲ့ ဖွဲ့စည်းဖြစ်ပေါ်လာစဉ် အစပိုင်းမှာ ခိုင်မာတောင့်တင်း အားကောင်းလို့ အများပြည်သူတွေရဲ့ အားကိုးအားထားရာ၊ ယုံကြည်တန်ဖိုးထားရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် နာမည်ကောင်း ရခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးတဲ့နောက် မြန်မာစစ်တပ်ဟာ ခေါင်းဆောင်ဆိုး၊ ခေါင်းဆောင်ညစ်တွေ၊ ကိုယ်ကျင့်သီလ ဆိုးယုတ်တဲ့ နေဝင်း၊ သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင် စတဲ့ လူယုတ်မာတွေလက်အောက် ကျရောက်ခဲ့တဲ့အခါ ရည်ရွယ်ချက်အမှား၊ ခံယူချက် အမှားတွေနဲ့ ကိုယ်ကျိုးရှာ အခွင့်ထူးခံ ဗီဇစရိုက်ဆိုးတွေ စွဲကပ်လာတာမို့ အကျင့်ဆိုး စရိုက်ဆိုးတွေနဲ့ ပြည်သူထုအပေါ် ဗိုလ်ကျ ရက်စက်ခဲ့ကြရင်း အမှားတွေ ဆက်တိုက် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ကြပါတယ်။

အဲဒီအခါမှာ ပထမအဆင့်အနေနဲ့ ကျန်းမာရေး ချို့ယွင်းလာတဲ့ လက္ခဏာတွေ စပြလာတဲ့ လူမမာတဦးလို စစ်အာဏာရှင် ဓားပြတပ်ဟာလည်း အဖွဲ့အစည်းတရပ် ပျက်စီးယိုယွင်းမှု လက္ခဏာတွေဖြစ်တဲ့ အဖွဲ့အစည်းအတွင်း အကျင့်ပျက် ခြစားတာတွေ၊ အဖွဲ့အစည်းအတွင်း လူဆိုး လူယုတ်မာ‌တွေ စုရုံးလာကြ၊ နေရာကောင်းတွေ ရလာတာမို့ ပြည်သူလူထုက စစ်တပ်အပေါ် အယုံအကြည် ကင်းမဲ့လာတာ၊ ပြည်သူလူထုရဲ့ ထောက်ခံဝိုင်းရံမှု မရတော့တာအပြင် သူတို့လုပ်ရပ် အမှားတွေကို လက်မခံဘဲ ဆန့်ကျင်ဆန္ဒပြတာတွေ၊ သပိတ်မှောက်တာ စတဲ့ အနုတ်လက္ခဏာတွေ အကြိမ်ကြိမ် ပြသလာခဲ့ပါတယ်။

တကယ်တမ်းသာ အမြော်အမြင်ရှိတဲ့ စစ်ခေါင်းဆောင်၊ ကိုယ်ကျင့်သီလကောင်းတဲ့ စစ်ခေါင်း‌ဆောင်သာ ရှိခဲ့မယ်ဆိုရင် ပြသလာတဲ့ စစ်တပ်ရဲ့ အနုတ်လက္ခဏာတွေကို မြင်လာရတဲ့ အချိန်မှာ ရတဲ့အခွင့်အရေးကို လက်လွှတ်မခံဘဲ ယိုယွင်းပျက်စီးလာတဲ့ မိမိအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲသင့်တာတွေ ပြုပြင်ပြောင်းလဲပြီး စစ်တပ်ကို လူထုဆန္ဒနဲ့အညီ နိုင်ငံရေး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နယ်ပယ်ကနေ အပြီးအပိုင် ထွက်ခွာပြီး စစ်ဘားတိုက်ကို ပြန်ကြမယ်၊ စစ်တပ်ရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်လုံခြုံ‌ရေးနဲ့ ကာကွယ်ရေး တာဝန်ကို ရိုးသားစွာ ထမ်းဆောင်ကြမယ် ဆိုခဲ့ရင် စစ်တပ်က အခုလို ပြိုကွဲပျက်သုဉ်းရမယ့် အဖြစ်ဆိုးကို ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။

အခုတော့ လက်ရှိ စစ်အကြမ်းဖက်ခေါင်းဆောင်တွေဟာ အဲဒီလို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးရတုန်း အကြိမ်ကြိမ် ပျက်ကွက်ခဲ့တဲ့အပြင် အမှားပေါ် အမှားဆင့်ရင်း ခွင့်မလွှတ်ထိုက်တဲ့ အမှားပေါင်းများစွာကို ကျူးလွန်ခဲ့ကြတာမို့ ရောဂါကျွမ်းသွားပြီး ဆေးမမီတော့တဲ့ လူမမာလို ပြိုကွဲပျက်သုဉ်းနေရတဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်ဟာ အလွန်တိုတောင်းတဲ့အချိန်အတွင်း ပြိုကွဲပျက်သုဉ်းရတော့မှာ ၁၀၀ ရာခိုင်နှုန်း သေချာနေပြီဆိုတာကို အောက်ပါလက္ခဏာဆိုးတွေက ထင်ထင်ရှားရှား ညွှန်ပြလျက် ရှိနေပါတယ်။

၁။ စစ်အာဏာရှင်တပ်ရဲ့ မူလစွမ်းရည်အားလုံး ပျောက်ဆုံးသွားခြင်း၊

၂။ နိုင်ငံအဆင့် စစ်တပ်ဂုဏ်သိက္ခာ ပျောက်ကွယ်သွားခြင်း၊

၃။ စစ်တပ်အတွင်း အဖတ်ဆယ်မရအောင် စိတ်ဓာတ်ယိမ်းယိုင် ပျက်ပြားသွားခြင်း၊

၄။ အရပ် ၈ မျက်နှာမှ ပြည်သူအားလုံးရဲ့ ထိုးနှက်တိုက်ခိုက်မှု ရင်ဆိုင်နိုင်ရန် စစ်အင်အား မလုံလောက်တော့ခြင်း၊

၅။ စစ်အာဏာရှင်တပ်ကို ပြည်သူလူထု အများစုကြီးက မစင်ထက် ရွံမုန်း နာကြည်းသွားခြင်း၊

၆။ ပြည်သူလူထုတွင်းမှာ အကြောက်တရား နည်းသထက် နည်းသွားခြင်း၊

၇။ စစ်အာဏာရှင်တပ်ဟာ နိုင်ငံတဝန်းလုံးကို ထိရောက်စွာ မအုပ်ချုပ်နိုင်တော့ခြင်း၊

၈။ တပ်တွင်း အချင်းချင်း မယုံကြည်မှု၊ မညီညွတ်မှု အမြင့်ဆုံးရောက်လာခြင်း၊

၉။ စစ်အာဏာရှင်တပ်အတွက် တရားဝင်နိုင်မည့် လမ်းကြောင်း မကျန်တော့ခြင်း၊

အထက်ပါ အနုတ်လက္ခဏာအားလုံးက တိတိကျကျ ညွှန်ပြနေတဲ့ အချက်ကတော့ အာဏာရှင် လက်ပါးစေတပ်ဟာ ဖိအားများစွာကြောင့် တင်းပြီး ပါးသထက်ပါးလာနေတဲ့ ရေပူစီပေါင်းတလုံးလို အချိန်မရွေး ဖောက်ခနဲ ပေါက်ကွဲထွက်ပြီး ပြိုကွဲပျက်သုဉ်းရမှာ ၁၀၀ ရာခိုင်နှုန်း သေချာလှပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013