DVB Logo
Home
မြန်မာသတင်း
ဆင်ဘိုမြို့အနီး စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ ဝင်ရောက်တိုက်ခိုက်
DVB
·
February 15, 2024
ဆင်ဘိုမြို့အနီး စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ ဝင်ရောက်တိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်ဘေး ဆင်ဘိုမြို့ပေါ်ရှိ ရဲစခန်းနဲ့ ပြည်သူ့စစ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော်က (ကေအိုင်အေ)က  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ရှင်းလင်းခဲ့သလို  ဆင်ဘိုမြို့နဲ့ ၃ မိုင်အကွာမှာရှိတဲ့ ခ.လ.ရ(၁၄၁) ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

လက်ရှိအချိန်အထိ ခ.လ.ရ(၁၄၁)ကို ကေအိုင်အေက သိမ်းပိုက်နိုင်ခြင်းမရှိသေးသလို စစ်ကောင်စီတပ်စခန်းကနေ ဆင်ဘိုမြို့ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

“တိုက်ပွဲအကြီးအကျယ်ဖြစ်တာက လွန်ခဲ့တဲ့ စနေနေ့ပဲ ဖြစ်တာ၊ ရဲတွေက သတင်းရလို့ထင်တယ် စစ်တပ်(ခ.လ.ရ၁၄၁) ဘက်ကို အစောကြီးရှောင်သွားပြီ။ အခုက အဲစခန်းကို ပိတ်ဆို့ထားသလို ဖြစ်တာပေါ့။ စစ်တပ်(စကစ)ကလည်း နေ့တိုင်း လက်နက်ကြီးနဲ့ပစ်တယ်။ မနက်ပိုင်း ညနေပိုင်းအဲလို ဖြစ်နေတာ အားလုံးက ကတုတ်ကျင်းထဲမှာပဲ ပုန်းနေကြတယ်။ လက်နက်ကြီး ကလည်း မထင်ရင် မထင်သလိုပစ်နေတာဆိုတော့ ထမင်းဟင်း ချက်စားဖို့တောင် အဆင်မပြေဖြစ်နေတယ်။ ဘယ်အချိန်လက်နက်ကြီးလာကျမလဲ ကြောက်နေရတာ။”

ဖေဖော်ဝါရီ ၁၁ ရက်က ဆင်ဘိုမြို့ပေါ်က ရဲတပ်သားတွေ စွန့်ခွာသွားတဲ့ ရဲစခန်းကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သလို မြို့ပတ်ဝန်းကျင်မှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ခ.လ.ရ (၁၄၁)နဲ့ နီးတဲ့ ကျေးရွာက ပြည်သူတွေ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာတွေကြောင့် မြို့ပေါ်ဘက်ကိုထွက်ပြေးတိမ်းရှောင်တာတွေရှိသလို နီးစပ်ရာ တောင်ယာတွေမှာ တိမ်းရှောင်နေကြပြီး စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ မြို့ခံက ပြောပါတယ်။

“စစ်တပ်နဲ့ နီးတဲ့ ဘက်ကရွာ ငါးရွာဘက်က ပြည်သူတွေလည်းတိမ်းရှောင်နေတယ်။ လုံခြုံမယ်လို့ ထင်တဲ့နေရာတွေပေါ့။ မြို့နဲ့နည်းနည်းဝေးတဲ့ ရွာတွေမှာတိမ်းရှောင်တာတွေကော တောထဲမှာ တိမ်းရှောင်တာတွေကော ရှိတယ်။ အဓိကကတော့ စားသောက်ဖို့ပဲ လိုအပ်တာပေါ့။ နေရာထိုင်ခင်းလည်း မိုးမရွာတော့ အဆင်ပြေနေသေးတယ်။ ရက်ကြာလာရင်တော့ စားသောက်ဖို့ ပိုခက်လာနိုင်တယ်။”

ဆင်ဘိုမြို့ဟာ ဧရာဝတီမြစ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းစုစုပေါင်းရွာ ၁၂ ရွာကျော်ရှိတာဖြစ်ပြီး လက်ရှိ ဆင်ဘိုမြို့ရဲ့ အဝင်အထွက်ရေလမ်းကြောင်းတွေကိုလည်း ပိတ်ထားပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013