DVB Logo
Home
နိုင်ငံတကာ
ခြောက်ပါတီညွန့်ပေါင်းဖွဲ့သည့်လုပ်ရပ်ကို ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း ဝေဖန်
DVB
·
February 14, 2024
ခြောက်ပါတီညွန့်ပေါင်းဖွဲ့သည့်လုပ်ရပ်ကို ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း ဝေဖန်
Donate to DVB

ခိုးမဲတွေနဲ့ ခြောက်ပါတီ ညွန့်ပေါင်းဖွဲ့တဲ့လုပ်ရပ်ဟာ နေ့ခင်းကြောင်တောင် လုယက်မှုတခုပဲလို့ ပါကစ္စတန်ရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့တဲ့ အင်အားစုကို ဦးဆောင်သူ ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းက ကြေညာချက်တစောင်ထုတ်ပြီး ဝေဖန်လိုက်ပါတယ်။

ပါကစ္စတန်ရွေးကောက်ပွဲမှာ ဒုတိယနဲ့ တတိယ မဲအများဆုံးရခဲ့တဲ့ ပါတီကြီးနှစ်ခုဟာ ပါတီငယ်လေးခုနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့မယ်လို့ ကြေညာခဲ့အပြီးမှာ ခန်းက အခုလို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ခန်းရဲ့ကြေညာချက်မှာ “ခိုးမဲတွေနဲ့ အစိုးရဖွဲ့ခြင်းရဲ့ ကံဆိုးမိုးမှောင်ကျမှုနဲ့ ပတ်သက်လို့ သတိပေးလိုက်တယ်။ ဒီလို နေ့ခင်းကြောင်တောင် လုယက်မှုဟာ နိုင်ငံသားတွေကို မလေးစားရာကျသလို နိုင်ငံစီးပွားရေးကိုလည်း ထိုးဆင်းသွားအောင် လုပ်ရာရောက်လိမ့်မယ်” လို့ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ ခန်းရဲ့ PTI ပါတီဟာ ရွေးကောက်ပွဲအမှတ်တံဆိပ် ခရစ်ကတ်ရိုက်တံကို သုံးစွဲခွင့်မရခဲ့တာကြောင့် ပါတီဝင်တွေဟာ တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ခဲ့ရပါတယ်။ တသီးပုဂ္ဂလတွေက ၁၀၂ နေရာနိုင်ခဲ့ပြီး အဲဒီထဲမှာ PTI နဲ့ ပတ်သက်သူက ၉၃ ဦး ရှိခဲ့ပါတယ်။

PMNL က ၇၃ နေရာ၊ PPP က ၅၃ နေရာရခဲ့ပြီး ဘယ်ပါတီကမှ တပါတီတည်း အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ အမတ်နေရာ မရခဲ့ပါဘူး။

ပါကစ္စတန်ရွေးကောက်ပွဲစနစ်အရ အမတ်နေရာ ၇၀ ကို အမျိုးသမီးတွေအတွက် ၆၀၊ မွတ်စလင်မဟုတ်သူတွေအတွက် ၁၀ နေရာ သီးသန့်ထားရှိပါတယ်။ အဲဒီနေရာ ၇၀ ကို ပါတီတွေရတဲ့ မဲအလိုက် အချိုးကျ ပြန်ခွဲပေးပါတယ်။

PTI က ပါတီအနေနဲ့ ဝင်ပြိုင်ခွင့်မရတော့ မဲအများဆုံးရပေမဲ့ အဲဒီခွဲတမ်းလည်း မရတဲ့အတွက် အမတ်နေရာ ပိုနစ်နာခဲ့ပါတယ်။

PML-N ပါတီက ဝန်ကြီးချုပ်ဟောင်း ရှာဘတ်ရှရစ်၊ PPP ပါတီက သမ္မတဟောင်း အဆစ်ဖ်အလီဇာဒါရီနဲ့ တခြားပါတီငယ်လေးခုက ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁၃ ရက်က လာဟိုးရ်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ညွန့်ပေါင်းအစိုးရဖွဲ့မယ့်အကြောင်း တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရှာဘတ်ရှရစ်ဟာ PML-N ပါတီထူထောင်သူ ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ်ရဲ့ ညီဖြစ်ပါတယ်။

အဆစ်အလီဇာဒါရီဟာ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့ ခင်ပွန်းဖြစ်ပြီး သားဖြစ်သူ ဘီလာဝယ်ဘူတို ဇာဒါရီနဲ့အတူ PPP ပါတီ ပူးတွဲဥက္ကဋ္ဌ တာဝန်ယူထားသူ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013