DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း၏ ပါတီဝင် ၁၀၈ ဦး ထောင်ဒဏ်ချမှတ်ခံရ
DVB
·
August 1, 2025
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း၏ ပါတီဝင် ၁၀၈ ဦး ထောင်ဒဏ်ချမှတ်ခံရ
Donate to DVB

ပါကစ္စတန်နိုင်ငံမှာ အကျဉ်းချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ PTI ပါတီဝင် ၁၀၈ ယောက်ကို စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားစဉ်က ပါဝင်မှုကြောင့် ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

၂၀၂၃ မေလတုန်းက အဂတိလိုက်စားမှု စွဲချက်တွေအရ တရားရုံးတက်လာတဲ့ ခန်းကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တဲ့အလျောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက်က ပြစ်ဒဏ်အသီးသီး ချမှတ်ရာမှာတော့ အတိုက်အခံခေါင်းဆောင် အိုမာ အာယုဘ် ခန်း ပါဝင်ခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရပါတယ်။

ဒါဟာ ပါကစ္စတန်−တဲရိခ်-အီး-အင်းဆက်ဖ် (PTI) ပါတီအတွက် အထိနာစရာ ဖြစ်ခဲ့သလို “ဒီမိုကရေစီအတွက် မှောင်မိုက်တဲ့နေ့” ဖြစ်တယ်လို့လည်း ခန်းရဲ့ မီဒီယာအကြံပေး ဇူလ်ဖီ ဘူကာရီက မှတ်ချက်ပြုပါတယ်။

ဒါကြောင့် အတိုက်အခံတွေဘက်က တရားရုံးဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ကြတဲ့အပြင် PTI ပါတီ အနေနဲ့ပါ ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ကြောင်း အတည်ပြုပါတယ်။

အဲဒီနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး တရားရုံးဟာ PTI ပါတီဝင် ၆ ယောက်ကို လွှတ်တော်အမတ် နေရာကနေ ဖယ်ရှားခဲ့တယ်လို့လည်း သိရပါတယ်။

ခန်းဟာ နိုင်ငံတကာအဆင့် ခရစ်ကတ်ကြယ်ပွင့်ဟောင်းတယောက် ဖြစ်ပြီး ၂၀၂၃ ဩဂုတ်လကနေ လက်ရှိအချိန်အထိ ထောင်ကျနေပေမဲ့လည်း လူထုထောက်ခံမှုကို ဆက်လက်ရရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ အကြမ်းဖက်မှုကနေ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုအထိ စွဲချက်ပေါင်း ၁၅၀ ကျော်ကို ဝန်ကြီးချုပ်ဟောင်းအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ခန်း အပါအဝင် သူ့ကိုထောက်ခံသူတွေကပါ တရားစွဲဆိုမှုအားလုံးကို နိုင်ငံရေးအရ ပစ်မှတ်ထားခံရတာဖြစ်ကြောင်း ထောက်ပြပါတယ်။

၂၀၂၃ ဆန္ဒပြပွဲတွေမှာ လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီးနောက် ခန်းရဲ့ပါတီကို အာဏာပိုင်တွေက အခုလိုမျိုး ဖိနှိပ်လာခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ပါကစ္စတန်လွှတ်တော် ရွေးကောက်ပွဲမှာလည်း PTI ပါတီဝင်တွေဟာ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုအတွင်း အမတ်နေရာအများဆုံး ရရှိခဲ့ပေမဲ့လည်း အစိုးရဖွဲ့ခွင့်မရဘဲ အပိတ်ခံခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013