ဘောလိဝုဒ်မင်းသား အင်မရန် ခန်းဟာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့လို့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်တယ်ဆိုပြီး ဒီလကုန်မှာ နိုင်ငံထဲက ထွက်သွားဖို့ အိန္ဒိယ အာဏာပိုင်တွေက အကြောင်းကြားလိုက်တယ်လို့ အောက်တိုဘာ ၁၅ ရက်က ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ အင်မရန်ခန်းဟာ အမေရိကန်နိုင်ငံသား ဖြစ်တယ်လို့ Indian Express သတင်းစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ ဥပဒေမှာ နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံရေးဆန္ဒပြပွဲတွေမှာ ပါဝင်ရင် ဗီဇာနဲ့ လူဝင်မှုကြီးကြပ်ရေး စည်းကမ်းတွေကို ချိုးဖောက်တာလို့ သတ်မှတ်နိုင်တာပါ။
Times of India သတင်းစာကတော့ မင်းသားအနေနဲ့ အောက်တိုဘာ ၂၈ ရက် နောက်ဆုံးထားပြီး နိုင်ငံကနေ ထွက်ခွာပေးရမယ်လို့ ဆိုပါတယ်။
ဝေဖန်သူတွေနဲ့ အတိုက်အခံပါတီတွေက ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ပါတီဘက်ကို အသာစီးရစေတယ်လို့ ပြောနေကြတဲ့ မဲစာရင်း ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဂျာယာနက်ရှ် ကူးမားကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲမှာ ဘောလိဝုဒ်မင်းသား အင်မရန် ခန်းဟာ အောက်တိုဘာ ၁၀ ရက်က မွမ်ဘိုင်းမှာ ပါဝင်ခဲ့တာပါ။
အဲဒီနေ့မှာပဲ မင်းသား အင်မရန် ခန်းက သူ့ရဲ့ အင်စတာဂရမ်မှာ “ငါတော့ မောင်းထုတ်ခံရတော့မယ် ထင်တယ်” လို့ ရေးခဲ့ပြီး ရဲကားနောက်ခန်းလို့ ယူဆရတဲ့အထဲမှာ အောင်ပွဲခံ လက်သင်္ကေတ ပြထားတဲ့ ဓာတ်ပုံတပုံလည်း တင်ထားခဲ့ပါတယ်။ အင်မရန် ခန်းဟာ ဥပဒေချိုးဖောက်ခဲ့တယ်ဆိုပြီး မွမ်ဘိုင်းက ရဲစခန်းတခုမှာ တိုင်ကြားခံခဲ့ရတာပါ။
အိန္ဒိယမှာရှိတဲ့ နိုင်ငံခြားသားတွေကို စောင့်ကြည့်စစ်ဆေးရတဲ့ အစိုးရဌာန (FRRO) ကလည်း အဲဒီတိုင်ကြားချက်ကို အခြေခံပြီး တိုင်းပြည်ကနေ ထွက်သွားဖို့ အကြောင်းကြားစာ ပို့ခဲ့တာဖြစ်တယ်လို့ Indian Express က ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရိုက်တာ သတင်းဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အင်မရန် ခန်း ဘက်ကတော့ ချက်ချင်း မတုံ့ပြန်သေးပါဘူး။
မင်းသားကြီး အာမီယာခန်းရဲ့ တူတော်စပ်သူဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်မိသားစုကနေ ဆင်းသက်လာတဲ့ အင်မရန်ခန်းဟာ ၂၀၀၈ ကနေ ၂၀၁၅ အထိ ဘောလိဝုဒ် ရုပ်ရှင်ကားပေါင်း များစွာမှာ ပါဝင်ခဲ့ဖူးပြီး အဲဒီနောက်ပိုင်းမှာတော့ ရုပ်ရှင်လောကကနေ ရုတ်တရက် အနားယူသွားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











