DVB Logo
Home
မြန်မာသတင်း
စစ်သားစုဆောင်းခြင်းကိုရှောင်ရန် ရည်ရွယ်ချက်တခုတည်းဖြင့် လက်နက်ကိုင်အဖွဲ့များထံ မဝင်သင့်ဟု အကြံပြု
DVB
·
February 14, 2024
စစ်သားစုဆောင်းခြင်းကိုရှောင်ရန် ရည်ရွယ်ချက်တခုတည်းဖြင့် လက်နက်ကိုင်အဖွဲ့များထံ မဝင်သင့်ဟု အကြံပြု
Donate to DVB

လက်နက်ကိုင်တော်လှန်ရေးဟာ လူတိုင်းနဲ့ ကိုက်ညီမှာမဟုတ်ဘဲ ကိုယ်တိုင်ခံယူချက်နဲ့ ပိုင်းဖြတ်မှုမရှိရင် စစ်သားစုဆောင်းတာကို ရှောင်ဖို့သက်သက် လက်နက်ကိုင် အဖွဲ့အစည်းတွေဆီ မဝင်ရောက်သင့်ဘူးလို့ သပိတ်ကော်မတီ ၃ ခု ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၃ ရက်က အရေးပေါ် ထုတ်ပြန်လိုက်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု (AJMM)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) နဲ့ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) တို့ ပူးပေါင်းထုတ်ပြန်တာဖြစ်ပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရရင်တော့ တော်လှန်ရေး အင်အားစုတွေနဲ့ ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေကို အမြန်ဆုံး လာရောက်နိုင်ဖို့ ကြိုးပမ်းသင့်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုက အသက်သွင်းပြဋ္ဌာန်းလိုက်တဲ့ အရွယ်ရောက်သူ နိုင်ငံသားအားလုံး စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံးအတွက် အလွန်တရာ ဒုက္ခရောက်စေနိုင်တဲ့ ကိစ္စရပ်ဖြစ်ပြီး အများပြည်သူအနေနဲ့လည်း စိုးရိမ်ပူပန်တာတွေ ဖြစ်နေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအခြေအနေကို နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းတွေနဲ့ အစုအဖွဲ့အသီးသီးအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး မဟာဗျူဟာမြောက် စုပေါင်းတုံ့ပြန်ပြီးတော့မှ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်းဆိုပြီး သပိတ်ကော်မတီ ၃ ခုအနေနဲ့ တခြားအင်အားစုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင် ညှိနှိုင်းတာတွေမှာ ပါဝင်နေပြီး ကနဦးအနေနဲ့ အကြံပြုနှိုးဆော်ချက်ကို ထုတ်ပြန်တာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုက အခုလို အဓမ္မ စစ်သားစုဆောင်းတာဟာ စစ်မျက်နှာအသီးသီးမှာ သူတို့ ကျရှုံးနေပြီဆိုတာကို မဖြစ်မနေ ဝန်ခံရတာဖြစ်ပြီး ဒါကို အခွင့်ကောင်းလို့ မှတ်ယူပြီး  စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲကို လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးက တညီတညွတ်တည်း အပြီးသတ်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့အစီအစဉ်ဟာ စိုးရိမ်စရာဖြစ်ပေမဲ့  အလွန်အမင်းစိုးရိမ်ပြီး အလျင်စလို မတုံ့ပြန်ဘဲ အခြေအနေကိုလိုက်ပြီး စုပေါင်းမဟာဗျူဟာနဲ့ တုံ့ပြန်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ပြီးတော့ အာဏာသိမ်းစစ်အုပ်ဟာ သူတို့ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတတ်တဲ့အဖွဲ့မဟုတ်လို့ ဥပဒေပါ ကင်းလွတ်ခွင့်နဲ့ ဟာကွက်တွေကိုသုံးပြီး တကိုယ်ရည်လွတ်မြောက်ရေး ကြိုးပမ်းတာတွေက အဖြေမဟုတ်ဘူး လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖြစ်လာမဲ့ အခြေအနေအမျိုးမျိုးကို တုံ့ပြန်နိုင်ဖို့အတွက် ကိုယ်တိုင်ရော၊ မိသားစု၊ မိတ်ဆွေအသိုက်အဝန်းနဲ့ ရပ်ရွာရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဘက်ပေါင်းစုံကနေ မြှင့်တင်ထားဖို့ အရေးကြီးပြီး ဖက်ဆစ်စစ်တပ်ဆီကို မဝင်ရောက်လိုတဲ့ လူငယ်တွေအနေနဲ့ အဓမ္မ စစ်သားစုဆောင်းဖို့အတွက် အချက်အလက်ကောက်ယူတာတွေကို တတ်နိုင်သမျှ မပူးပေါင်းဖို့နဲ့ အနှောင့်အယှက်ဖြစ်အောင် လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

စစ်အုပ်စုဟာ ဥပဒေအတိုင်း စနစ်တကျလုပ်ဖို့ထက် အဓမ္မဖမ်းဆီးခေါ်ဆောင်တာကို လုပ်နိုင်ခြေရှိတာကြောင့် လူငယ်တွေအနေနဲ့ အပြင်ထွက်တာကို အတတ်နိုင်ဆုံး သတိပြုဖို့လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေးဟာ ခိုင်မာတဲ့ ပိုင်းဖြတ်မှုနဲ့ စည်းမျဉ်းစည်းကမ်း လိုက်နာမှုတို့ လိုအပ်ပြီး လူတိုင်းနဲ့ ကိုက်ညီနိုင်မှာ မဟုတ်ဘဲ ကိုယ်အားသန်တဲ့ ပုံစံအမျိုးမျိုးနဲ့ပဲ တော်လှန်ရေးမှာ ပါဝင်သင့်ပြီး အဓမ္မ စစ်သားစုဆောင်းတာကို ရှောင်ရှားဖို့ ရည်ရွယ်ချက်တခုတည်းနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဆီ မဝင်သင့်ဘူးလို့လည်း ဆိုပါတယ်။

အတင်းအဓမ္မ စစ်သားစုဆောင်းခံရမယ်ဆိုရင်တော့ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေကို အမြန်ဆုံးလာရောက်နိုင်ဖို့ ကြိုးပမ်းသင့်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ အပါအဝင် အဖွဲ့အစည်းတွေအနေနဲ့လည်း လက်နက်ကိုင် လှုပ်ရှားမှုမှာ ခိုင်ခိုင်မာမာပါဝင်လာမဲ့သူတွေကို ကြိုဆိုပြီး လုံလုံခြုံခြုံ ဝင်ရောက်နိုင်ဖို့ ပြင်ဆင်ထားဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

အသွင်ယူရောထွေးဝင်လာနိုင်သူတွေကို အထူးသတိထားစိစစ်ဖို့လိုသလို လူထုကို စည်းရုံးရေးဆန်ဆန် ချဉ်းကပ်ဖို့လိုအပ်ပြီး တဦးတယောက်ချင်းစီက အဖွဲ့အစည်းရဲ့ မူဝါဒနဲ့ မလျော်ညီတဲ့ လှောင်ပြောင်သရော်တာတွေအပါအဝင် မူမဲ့ ပြောဆိုတာတွေကို ထိန်းကွပ်ဖို့လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဒီဥပဒေကို အကောင်အထည်မဖော်နိုင်သေးခင်မှာ လူထုရဲ့ မြင့်တက်လာတဲ့ နိုင်ငံရေးရေချိန်အလိုက် စစ်အာဏာရှင်စနစ် အလုံးစုံပြိုကျဖို့ စစ်ရေးနည်းလမ်း၊ လူထုတိုက်ပွဲနည်းလမ်း မျိုးစုံနဲ့ အချိန်မီ တိုက်ပွဲဖော် လှုံ့ဆော်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ပြီးတော့ နိုင်ငံတကာ၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ဖိနှိပ်မှုအောက်ကနေ ရှောင်ပြေးလာရတဲ့ လူငယ်တွေကို လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ လိုအပ်သလို ပံ့ပိုးကူညီသင့်ပြီး ရှောင်ပြေးလာမဲ့ လူဦးရေ အဆမတန် များပြားနိုင်တဲ့အတွက် ဒေသတွင်းတည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်တာကြောင့် ဒီဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အာဏာသိမ်းစစ်အုပ်စုကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013