Home
ဆောင်းပါး
ဆားချက် ကြင်စိုး
DVB
·
February 14, 2024

(က)

သည်မနက် ရေနွေးကြမ်းဝိုင်းက နေရာရွှေ့သွားပါတယ် ခင်ဗျ။ ရွာတောင်ပိုင်းကကိုယ်တော် ဦးအစိမ်းတရဲ့ ကျောင်းမှာပါ။ စိမ်းသရဖူစိမ်း ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်က ဖိတ်ထားလို့ ချမ်းချမ်းစီးစီးကြီးနဲ့ ကြွခဲ့ကြတာပါ။

“‘ဆွမ်းကျွေး’ လို့ ပြောတာပဲကွာ” လို့ အဘစောမူးသာက ပြောပါတယ်။

အဘစောမူးသာရယ် စစ်ပြန်ကြီး အဘလုံးတုံးရယ် ဖေကြီးရယ် အနွေးထည်တွေ ထပ်ကာဝတ်လို့ အေးစက်စက်ကြီး လျှောက်လှမ်းလာလိုက်ကြတာ တောင်ကျောင်းကိုယ်တော် ဦးအစိမ်းတရဲ့ ဆေးအသစ်ပြန်မသုတ်တော့တဲ့ ကျောင်းအုတ်နံရံ အစိမ်းဖျော့ဖျော့ကြီးကို မြင်လိုက်ရချိန်မှာ ပြိုင်တူပြုံးမိကြပါတယ်။

“ကိုယ်တော်လည်း အရင်ကလို အရမ်းကြီး မစိမ်းရဲတော့ဘူးနဲ့ တူသကွ”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

ကျောင်းပေါ်ရောက်တော့ အဘစိမ်းမောင်နဲ့ သူ့သားအကြီးကောင် ‘လေမောင်’ နဲ့ သားအငယ်ကောင် ‘စိမ်းကိုကို’ တို့ကိုပါ တွေ့ကြရပါတယ်။ အဘစိမ်းမောင့်သားကြီး ‘လေးမောင်’ ကို လေကြီးလွန်းလို့ ရွာက ‘လေမောင်’ လို့ ခေါ်ကြပြီး အစိမ်းချစ်သူ အငယ်ကောင် ‘သိမ်းကိုကို’ ကိုလည်း ‘စိမ်းကိုကို’ လို့ပဲ နှုတ်ကျိုးနေကြပါသဗျ။

တောင်ကျောင်းကိုယ်တော်ကို ဝတ်ပြုပြီးတဲ့အခါ ဒီနေ့ဆွမ်းကျွေးကိစ္စကို တီးခေါက်ကြည့်ကြတော့ အဘစိမ်းမောင်ရဲ့ သားတွေရဲ့ ဒုလ္လဘဝတ် သင်္ကန်းစီးမယ့်ပွဲ ဖြစ်နေတာကို သိရပါတော့တယ်။

“မင်းတို့ဟာကလည်းကွာ . . . နွေလည်းမဟုတ် ဘာလည်းမဟုတ် . . ဒီအချိန်ကြီးကို”

“အဲ . . . နွေအထိမစောင့်နိုင်ဘူး မူးသာရ”

“ဘာဖြစ်လို့မစောင့်နိုင်ရတာလဲ စိမ်းမောင်”

“အဲ . . . ဟို . . . ဒီ . . . ဒီကောင်တွေက ဒီအချိန်မှာမှ စည်းချင်ကြတယ်ဆိုလို့”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

“မင်းတို့က ဘာထရယ်ကြတာလဲ”

“စိမ်းမောင် . . . စိမ်းမောင် . . . မင်းသားတွေကို ဒီလိုသင်္ကန်းဝတ်ပေးထားလို့ သူတို့လက်က ‘လွတ်’ မယ်များ ထင်သလား”

“ဟေ . . . ဥပဒေထဲမှာ ပါတယ်လေကွာ”

“ဘယ်လိုများပါတာတုန်း အဘစိမ်းရဲ့”

“‘သာသနာ့ဝန်ထမ်းတွေ’ ကို စစ်မှုထမ်းခြင်းက ကင်းလွတ်ခွင့်ပြုတယ် တဲ့ကွ”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

“စိမ်းမောင် . . စိမ်းမောင် . . နှစ်ခါ မအစ်လိုက်ရဘူး . . . သားတွေကို စစ်မှုထမ်းဖို့ မထည့်ချင်တာနဲ့ သင်္ကန်းရုံပေးလိုက်တာ တန်းကနဲ ပေါ်တော့တာပဲ”

“အဲ . . . . .”

အရွှင်အဘတွေက ဖေကြီးကို အဓိပ္ပာယ်ပါပါ လှမ်းပြုံးပြကြပြီး အဘစိမ်းမောင်သာမက စိမ်းသရဖူစိမ်း ကိုယ်တော်ကိုပါ ‘တွန့်’ သွားစေရန် ကြံဆောင်ကြပါလေတော့၏။

“ဒီလိုလုပ်ပေးတဲ့ မိဘတွေနဲ့ ဒီလို အရေးပေါ် သင်္ကန်းခြုံခွင့်ပြုတဲ့ကျောင်းနဲ့ ကျောင်းထိုင်ဆရာတော်ကိုလည်း စစ်ဆေးမေးမြန်းပြီး အရေးမယူဘူးလို့ မပြောနိုင်ဘူးကွ”

“ဟေ . . .”

“ဟမ် . . .”

(ခ)

“ဒါနဲ့ အရှင်ဘုရားတို့ စိမ်းမောင်တို့ . . လက်ရှိ မြေပြင်က သတင်းအစစ် သတင်းအမှန်တွေ ကိုကော နားထောင်ဖြစ်ကြရဲ့လား”

“အဲ . . . နားထောင်ဖြစ်ပါတယ် လုံးတုံးရဲ့”

“ဒါဆိုရင် . . . ရှမ်းမြောက်အခြေအနေ၊ ရှမ်းတောင်အခြေအနေ၊ ကချင်အခြေအနေ၊ ကရင်အခြေအနေ၊ ကယားအခြေအနေ၊ ရခိုင်အခြေအနေ၊ စစ်ကိုင်းအခြေအနေ၊ ချင်းအခြေအနေ၊ မကွေးတိုင်းအခြေအနေ၊ ပဲခူတိုင်းအခြေအနေတွေကို အမှန်အတိုင်း သိထားကြမှာပေါ့နော်”

“ဟူး . . . . .”

“ဝှူး . . . . . .”

ဆရာစိမ်းနှင့် ဒကာစိမ်းတို့ထံမှ ပြိုင်တူ သက်ပြင်းချသံကို ကြားကြရပါ၏။ သူတို့တွေ ကိုးကွယ်နေသည့် ကြင်စိုး သာဝ မအလနှင့် သူ၏ ဖက်ဆစ်အကြမ်းဖက်တပ်ကား စစ်မျက်နှာတိုင်းမှာ အလုံးအရင်းသေဆုံး၊ အစုလိုက်အပြုံလိုက်ထွက်ပြေး၊ တပ်ရင်းလိုက် အလံဖြူထောင်၊ အဖွဲ့လိုက် လက်နက်ချဖြင့် ပြုတ်ပြုတ်ပြုန်းပြီး လုံးပါးပါးကာ အင်အား ဘာမှကိုမရှိတော့ကြောင်း သိရှိရပါ၏။

“အရင်တုန်းက သူတို့ပြောတာရှိပါတယ် . . . ‘မြန်မာပြည်မှာ စစ်သည်အင်အား ငါးသိန်းရှိတယ်’ ဘာတယ် ညာခဲ့တာ အခုကျတော့ အဖြေပေါ်ပြီလေ . . .”

“မအလတပ်တွေ အင်အားမရှိတော့ဘူးဆိုတော့ ‘ပြည်သူ့စစ်’ တွေဖွဲ့တယ်၊ ‘ပျူစောထီး’ တွေ ဖွဲ့တယ်။ အဲဒါတွေလည်း မစွံတော့ ‘စစ်မှုထမ်းဟောင်း’ တွေကို ပြန်ခေါ်တယ်”

“ဟုတ်ပ မူးသာရာ . . . အဲဒါတွေလည်း အလုပ်မဖြစ်တော့ ပြစ်မှုနဲ့ထောင်ကျနေတဲ့ စစ်သားတွေကို လွှတ်ပေးပြီး မအလတပ်မှာ အင်အားဖြည့်ဖို့ လုပ်တယ်”

“အဲဒါလည်း အဆင်မပြေတော့ သူတို့အာဏာသက်ရောက်နေသေးတဲ့ ပဲခူးတိုင်းတို့၊ ဧရာဝတီတိုင်းတို့၊ ရန်ကုန်တိုင်းတို့မှာ လူငယ်တွေကို မတရားဖမ်းဆီးခေါ်ယူပြီး စစ်တပ်ထဲ ထည့်ဖို့ ကြိုးစားကြပြန်သကွ”

“အဲဒါလည်း အဆင်မပြေတော့ အခုနောက်ဆုံး မအလက သူ့ပထွေးကြီး ၂၀၁၀ က ကြံစည်ထားတဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းရန်ဆိုတဲ့ ‘ပြည်သူ့စစ်မှုထမ်းဥပဒေ’ ကို ဆွဲထုတ် ဖုန်သုတ်ပြီး သူက အတည်ပြုတယ်လို့ မျက်နှာပြောင်တိုက် ကြေညာလာတော့တယ်”

အဘစောမူးသာနှင့် အဘလုံးတုံးတို့၏ သုံးသပ်ချက်များကို အစိမ်းဆရာတော်ကော အစိမ်းဒကာကျော်ပါ ဘာမှဝင်မဆွေးနွေးဘဲ နားဆင်နေကြပါ၏။ အရွှင်အဘနှစ်ဦးက ဖေကြီးအား လှမ်း၍ ပြုံးပြကြပြန်ပါ၏။

“ဒီမှာစိမ်းမောင် . . . မင်းသားတွေအတွက် ဒီလောက်လည်း စိုးရိမ်ပူပန်မနေပါနဲ့ကွာ . . တပ်ထဲရောက်ရင် နာမည်ကျော် ရုပ်ရှင်မင်းသားတွေ၊ နာမည်ကြီးအဆိုတော်တွေ၊ ဇာတ်မင်းသားတွေနဲ့ ဆုံရတဲ့အခါ ပျော်သွားကြမှာ”

“ဟေ . . . စစ်တပ်ထဲကို ရုပ်ရှင်မင်းသားတွေ၊ အဆိုတော်တွေ၊ ဇာတ်မင်းသားတွေလည်း ဝင်ကြမှာလား”

“အေးလကွာ . . . မအလလုပ်သမျှ သဘောကျနေတဲ့ အဲသည် ‘ဘောမအနုပညာရှင်တွေ’ ကိုလည်း ‘စံပြ’ အနေနဲ့ စစ်မှုထမ်းခိုင်းမတဲ့”

“ဟုတ်လား . . .”

“အေး . . . သူတို့တင်မကဘဲ မအလတို့ဘာလုပ်လုပ် ဘောမနေကြတဲ့ ပြူးကြောင်ကြောင် ရူးကြောင်ကြောင် သတင်းမီဒီယာသမားအတုတွေကိုလည်း စစ်တပ်ထဲမှာ ဆုံကြရမှာ”

“ဟေ . . . . .”

“ဒါပေမဲ့ အခုရက်ပိုင်းထဲမှာပဲ ဘုန်းကြီးဝတ်တဲ့မင်းသားနဲ့၊ မူးယစ်ဆေးရုံ ပြေးတက်တဲ့ အဆိုကျော်နဲ့၊ မိအိုဖအိုတွေကို အိမ်ပေါ်ခေါ်တင်ပြီး ခြေဆုပ်လက်နယ် ပြုစုပြနေတဲ့ ဇာတ်မင်းသားတွေ ရှိလာနေပြီကွ”

“အဲ . . .”

“အချို့စူပါတွေလည်း ရုတ်တရက် ချက်ချင်းကြီး ‘လေဖြတ်’ သွားတယ်တို့ အောက်ပိုင်း သေသွားတယ်တို့ ဆိုပြီး သတင်းကြီးနေပါသဗျ”

“တကယ်မဟုတ်ဘူးလား”

“သူတို့လည်း မင်းတို့သားအဖတွေလိုပေါ့ကွာ . . . ကြံမိကြံရာတွေပေါ့ဗျား”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

(ဂ)

သို့ဖြင့် အကြံတုံး ဉာဏ်တုံး ကျက်သရေတုံး ကြင်စိုး သာဝ မအလ၏ရန်ကို ကြောက်ပြီး သားတွေကို သင်္ကန်းစည်းပေးမည့်အစီအစဉ်မှာ ဆက်လုပ်ရမလိုလို ရပ်လိုက်ရတော့မလိုလို ဇဝေဇဝါ ဆုံးဖြတ်ရခက်နေကြပါ၏။

ဆရာတော်ကော ဒကာကျော်ပါ အကြပ်ရိုက်နေကြပါလေ၏။ အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား တခွိခွိ။ ပြီးတော့ ဖေကြီးကို နောက်ထပ်တခါ ပြုံးစိစိ လုပ်ပြကြပါလေ၏။

သူတို့ကား အစိမ်းဆရာနှင့် အစိမ်းဒကာကို အဆုံးအထိ ‘ကြပ်’ မည့်ပုံပါလေ။

“မင်းကသာ မင်းသားတွေကို စိတ်ပူနေတာ၊ ကိုယ့်အတွက်လည်း ကိုယ် စိတ်ပူအုံးဟ”

“ငါက အသက်ကြီးပြီလေကွာ . . . ဘာဖြစ်လို့ စိတ်ပူနေရမှာလဲ”

“ဟဲဟဲ ဟဲဟဲ . . . ဒီမယ်စိမ်းမောင် မင်းတို့က မအလရဲ့ ‘စစ်မှုထမ်းဥပဒေ’ ကို သေသေချာချာ မဖတ်ဘူးထင်တယ်”

“ဘာပါသေးလို့လဲ”

“‘အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျွမ်းကျင်သူတွေဖြစ်မယ် ဆိုရင်တော့ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ သတ်မှတ်ထားတယ်’ တဲ့”

“အဲဒါဘာဖြစ်လဲ . . . မင်းတို့ ငါတို့တွေက နစကဥက္ကဋ္ဌကြီးနဲ့ တနှစ်တည်း မွေးတွေလေကွာ၊ ၇၀ နားတောင်နီးနေပြီပဲဥစ္စာ၊ လွတ်ပါတယ်”

“ငါ အတွင်းသတင်း ကြားထားတာကတော့ အသက်အရွယ်က အဓိကမဟုတ်ဘူး။ သူတို့ အသုံးတည့်မယ့်သူ ဆိုရင် ဘယ်အရွယ်ဖြစ်ဖြစ် သူတို့ဥပဒေအတွင်းကနေ တရားဝင် ‘ပေါ်တာ’ ဆွဲဖို့ ကြံစည်ထားတာတဲ့ ဟ”

“ဟေ . . .”

“တွေ့ရာလူ အတင်းအဓမ္မ ဆွဲမှာပဲ၊ မင်းလည်း သူတို့ပြောတဲ့ ‘အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျွမ်းကျင်သူ’ ထဲမှာ ပါနေတာပဲ”

“ငါ . . . ငါက . . ဘာအတတ်ပညာတွေများ ကျွမ်းကျင်နေလို့လဲ မူးသာရာ . . .”

“မင်းက ရွာအလှူတွေ၊ မင်္ဂလာဆောင်တွေမှာ မုန့်ဟင်းခါးချက်တာတို့ ဝက်သားဟင်းချက်တဲ့ နေရာတို့မှာ ဆရာကြီးတဆူလေကွာ”

“ဒီတော့ကာ . . .”

“ဒီတော့ကာ . . . မင်းလိုပညာရှင်မျိုးကို သူတို့ရှေ့တန်းမှာ အိုးသူကြီးလုပ်ပေးဖို့ ပိုပြီးတော့ အလိုရှိလိမ့်မယ်ကွ စိမ်းမောင်ရ”

“ဟေ . . . . .”

အဘစိမ်းမောင်ကား တုန်တောင်တုန်သွားပါလေ၏ ခင်ဗျာ။ အရွှင်အဘများကား ပြုံးစပ်ပြုံးစပ်ဖြင့် ‘ကြပ်’ နေကြဆဲ။ ပြီးတော့ လူဆိုတာ ကိုယ့်ပေါင်ပေါ် မီးပွားကျမှ ပူတတ်တဲ့အမျိုးဖြစ်ပြီး ကိုယ့်အိမ်တံခါးကိုလာခေါက်မှ ကြောက်တတ်တဲ့အမျိုးဖြစ်ကြောင်း သုံးသပ်ပြပါ၏။

“မအလက တနိုင်ငံလုံးကို မီးလောင်တိုက်သွင်းခဲ့တဲ့ ‘အဓမ္မကောင်’ ကွ”

“. . . . . . .”

“ဒီနေ့ လိုင်းပေါ်မှာ ကဗျာဆရာ ထင်လင်းဦး (Wisdom Villa) ရဲ့ ကဗျာလေး ဖတ်ရတယ်ကွ။ ခေါင်းစဉ်က ‘အဓမ္မမီးလျှံ’ တဲ့”

“ရွတ်ပြပါလား မူးသာ”

အဘလုံးတုံးက တောင်းဆိုသည့်အခါ အဘစောမူးသာက ရေနွေးတခွက်ကို မော့ချလိုက်ပြီးနောက် အသေအချာ ရွတ်ပြလာပါ၏။

“အိမ်တံခါးကို

လာခေါက်ရုံဆိုတော်ရဲ့။

ရင်ဘတ်ကိုပါ

ဖနောင့်ပေါက်ခံရမယ့်ကိန်းကျလာမှ

ပျာယီးပျာယာနဲ့ ထ

ယတြာခြေလို့မရဘူး။

တောမီးဆိုတာ

လေသင့်ရာပဲလောင်တာ။

အဓမ္မမီးလျှံက

အရပ်ရှစ်မျက်နှာ”

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024