DVB Logo
Home
မြန်မာသတင်း
စစ်ပွဲဖြစ်ရာ ဒေသများ၌ သတင်းအချက်အလက်သိနိုင်ရန် ရေဒီယိုကို အားထားနေရဆဲ
DVB
·
February 13, 2024
စစ်ပွဲဖြစ်ရာ ဒေသများ၌ သတင်းအချက်အလက်သိနိုင်ရန် ရေဒီယိုကို အားထားနေရဆဲ
Donate to DVB

မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေကြောင့် အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ  သတင်းအချက်အလက်တွေ သိရဖို့ အခုနောက်ပိုင်းမှာ ရေဒီယိုကိုသာ အများဆုံး အသုံးပြုနေရပါတယ်။

စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ကချင်၊ ချင်း၊ ကရင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေက ဒေသတချို့မှာ စစ်ကောင်စီတပ်က အင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့် အဲဒီဒေသတွေက လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ်တွေဟာ သတင်းအချက်အလက်တွေ သိနိုင်ဖို့ အခုနောက်ပိုင်းမှာ ရေဒီယိုကို အဓိကထားနေရပါတယ်။

အင်တာနက်မရတဲ့ဒေသတွေမှာ TV နဲ့ ရေဒီယိုကို အသုံးပြုကျပေမဲ့ အခုနောက်ပိုင်းမှာ လျှပ်စစ်မီးမရတာနဲ့ ဆီဈေးနှုန်း ကြီးမြင့်တာတွေကြောင့် စရိတ်သက်သာတဲ့ ရေဒီယိုကိုသာ အသုံးပြုနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ကရင်နီပြည်နယ်က ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ ​ ဒေသတွင်းနဲ့ ပြည်တွင်းက နေ့စဥ်ဖြစ်ပျက်နေတဲ့ သတင်းတွေကို ရေဒီယိုကနေတဆင့် ဖမ်းယူနားဆင်နေကြတယ်လို့ ကရင်နီ စစ်ရှောင်တဦးက ပြောပါတယ်။

ကရင်နီပြည်နယ်ကို စစ်ကောင်စီတပ်က အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ဖြတ်တောက်လိုက်တာကြောင့် စစ်ရှောင် ပြည်သူတွေနဲ့ ဒေသခံတွေက သတင်းအချက်အလက်တွေကို သိရှိဖို့ ခဲယဥ်းသွားခဲ့ရပါတယ်။

အဲ့ဒီအခြေအနေတွေကို ဖြေရှင်းဖို့အတွက် ကရင်နီအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ ဖက်ဒရယ် FM က ကရင်နီဒေသအတွင်းမှာ သတင်းတွေ၊ ကျန်းမာရေး ဗဟုသုတတွေ၊ စစ်အတွင်း ပညာပေးတာတွေ၊ စစ်ရှောင်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပညာပေးနဲ့ ကလေးငယ်တွေအတွက် ပုံပြင်တွေနဲ့ လူမျိုးစုရိုးရာသီချင်းတွေကို FM Radio ကနေ  စုံစုံလင်လင်  ထုတ်လွှင့်ပေးနေတယ်လို့  ဖက်ဒရယ် FM အယ်ဒီတာချုပ် ကိုမင်းထက်စံက ပြောပါတယ်။

ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုတွေမှာ မြန်မာနိုင်ငံက ဒုတိယအဆိုးဆုံးအဆင့်မှာ ရှိနေတယ်လို့ ၂၀၂၃ ခုနှစ်မှာ အမေရိကန်အခြေစိုက် Freedom House ရဲ့ အင်တာနက် လွတ်လပ်ခွင့် အစီရင်ခံစာက ဖော်ပြထားပါတယ်။

အင်တာနက် ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာလည်း  ဒေသတွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေနဲ့ ကျန်းမာရေးဆိုင်ရာ ပညာပေးတာတွေကို သိရှိနိုင်ဖို့ ရေဒီယိုကနေတဆင့် နားထောင်နေကြရတယ်လို့ ခင်ဦးဒေသခံက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အင်တာနက် ဆက်သွယ်မှုနဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်တာ၊ သုံးစွဲမှုစရိတ်တွေကို တိုးမြှင့်တာနဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် ညှင်းပန်းတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ရေဒီယိုထုတ်လွှင့်ခဲ့တာ နှစ်ပေါင်း ၈၁ နှစ် နီးပါးရှိပြီဖြစ်တဲ့ VOA သတင်းဌာနအနေနဲ့လည်း မြန်မာနိုင်ငံ ဒေသအများစုက ပြည်သူတွေအတွက် အရိုးရှင်းဆုံး အလွယ်ကူဆုံးနည်းဖြစ်တဲ့ လှိုင်းတိုရေဒီယိုကနေတဆင့် မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရသတင်းတွေနဲ့ ဗဟုသုတတွေကို နေ့စဉ် ထုတ်လွှင့်ပေးနေတယ်လို့  VOA မြန်မာပိုင်းဌာန မှ မမြသဇင်အောင်က ပြောပါတယ်။

ရေဒီယိုဟာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေရင်တောင် ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ အကုန်အကျ သက်သာစွာနဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ရယူနိုင်နေတဲ့အတွက် နည်းပညာတွေ တိုးတက်လာပေမဲ့လည်း  ရေဒီယိုကို ဆက်လက် အသုံးပြုနေကြရဦးမယ်လို့ ကိုယ်တိုင်သုံးစွဲနေကြသူတွေနဲ့ ထုတ်လွှင့်ပေးနေသူတွေက ပြောဆိုကြပါတယ်။

နှစ်စဉ် ဖေဖော်ဝါရီ ၁၃ ရက်ကို ကမ္ဘာ့ရေဒီယိုနေ့အဖြစ် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က သတ်မှတ်ထားပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013