DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် စိတ်ပူကြောင်း သားဖြစ်သူပြော
DVB
·
February 13, 2024
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် စိတ်ပူကြောင်း သားဖြစ်သူပြော
Donate to DVB

မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စိတ်ပူသလို၊ ဆေးဝါး ကုသခွင့်ရဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းက ဖိအားပေးစေချင်တယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ နေပြည်တော်ထောင်မှာ အကျဉ်းကျခံနေရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ပထမဆုံးအကြိမ်အဖြစ် မိသားစုဆီ ရေးသားတဲ့ စာတစ်စောင် လက်ခံရရှိခဲ့တယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ထဲမှာ ဆေးဝါးကုသခွင့် လုံလုံလောက်လောက် မရတဲ့အတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာရှိနေပြီး၊ သူ့ရဲ့ အံသွားက အစားစားတဲ့အခါတိုင်း နာကျင်နေတာကြောင့် ဆေးကုသခွင့် ပေးစေချင်ကြောင်း ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“အခြေခံအားဖြင့် ကျနော့်ကို စာပြန်တယ်ပေါ့ဗျာ၊ မိသားစုကို မေတ္တာပို့တယ်။ (ကျန်းမာရေး) စောင့်ရှောက်မှု ပစ္စည်းတွေအတွက် ကျေးဇူးတင်တယ်ပေါ့။ သူ့မှာ ကျန်းမာရေးပြဿနာတွေ ရှိနေတယ်လို့လည်း ရေးထားတယ်ဗျ။ ထောင်ထဲမှာ ကောင်းကောင်း ကုမပေးဘူးလို့တော့ ကျနော်ထင်တယ်။ ဥပမာပြောရရင် သူ့အံသွားက ပြဿနာရှိနေတယ်။ အစာစားတိုင်း နာတယ်ပေါ့ဗျာ။ အမေ့မှာ လိုအပ်တဲ့ကုသမှု မရဘူးလို့ ကျနော်ထင်တယ်။ ကျနော့်အမေကို ပြန်လွှတ်ပေးဖို့ ဒီစစ်အစိုးရကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပိုဖိအားပေးစေချင်တာကတော့ ရှင်းပါတယ်ဗျ။ အဲလိုမှ မလုပ်နိုင်ရင်လည်း နေအိမ် အကျယ်ချုပ်လောက်ပေါ့။ နေအိမ်အကျယ်ချုပ် ပြန်ချပေးထားပေါ့ဗျာ။ သူ နေအိမ်အကျယ်ချုပ်နဲ့ မနေရတာ ကျနော် သိသလောက်ဆို နှစ်နှစ်ခွဲလောက်ရှိပြီဗျ။ အခုက နေပြည်တော်က နေပြည်တော်ထောင်ထဲမှာ ထားထားတာပါ။”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်ကစလို့ နေပြည်တော် နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဒီကနေ့ဆိုရင် ၃ နှစ်ကျော် ရှိပါပြီ။

၃ နှစ်ကြာ ထောင်ထဲမှာ နေနေရပေမဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုထိ စိတ်ဓာတ်ကြံ့ခိုင်နေဆဲပဲလို့ စကင်မ်အဲရစ်က ပြောပါတယ်။ မိခင်နဲ့ တွေ့ခွင့်ရဖို့ သားဖြစ်သူက အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီဘက်က ဘာမှ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်းက ကင်မ်အဲရစ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆေးဝါး အသုံးအဆောင် ပစ္စည်းတွေ ပို့ပေးခဲ့ပြီး အဲဒီပစ္စည်းတွေကို လက်ခံရရှိတဲ့အကြောင်း စာထဲမှာ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ကင်မ်က အသေးစိတ် သိရတာမျိုး မဟုတ်ဘဲ စာထဲမှာ ရေးသား ပြောပြထားသလောက် အပိုင်းအစလေးလောက်သာ သိရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး ပြည်သူတွေအပေါ် နောက်ထပ် သွေးမြေကျမှုတွေ ထပ်ဖြစ်မလာဖို့ပဲ ဆုတောင်း မျှော်လင့်နေတယ်လို့ ကင်မ်က စိတ်မကောင်းစွာ ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက အခြေအနေတွေက နေ့စဉ်နဲ့အမျှ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတော့ ကျိန်းသေပေါက်တော့ မပြောနိုင်ဘူး။ စစ်တပ်က မကြာခင်ပဲ အာဏာလွှဲပေးမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ တချိန်ချိန်မှာ ကျိန်းသေလက်လွှတ်ရမှာပဲ။ နောက်ထပ် သွေးမြေကျမှုတွေ အရမ်းမများဘဲ ဒီလိုဖြစ်လာပါစေပဲ မျှော်လင့်ရမှာပဲ။ ကျနော် ပြောချင်တာက မြန်မာပြည်မှာ ကိစ္စတွေက အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ပြည်တွင်းစစ်ကလည်း ဖြစ်လာခဲ့တာ ရှည်ကြာလွန်းနေပြီ။ တကမ္ဘာလုံးကလည်း ဒီမှာဖြစ်နေတာကို အခုအချိန်အထိ တော်တော်လေး ဂရုမမူမိကြသေးဘူး။ ဒါကြောင့် ဒီလိုအင်တာဗျူးမျိုး လုပ်တာကလည်း ကျနော် ကူညီလုပ်ပေးနိုင်တဲ့ ကိစ္စအနည်းငယ်ထဲက တခုပေါ့။ တကမ္ဘာလုံး ဒီမှာ ဘာဖြစ်နေလဲ သတိပြုမိကြအောင်ပေါ့။ ဒါကြောင့် ခုလို ဖြေကြားခွင့်ပေးတာကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပါရစေ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့်ရဖို့ ဆက်လက် ကြိုးစားနေတယ်လို့လည်း ကင်မ်က ပြောပါတယ်။ သူ့အနေနဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ကို ဆေးဝါးနဲ့ အသုံးအဆောင်တွေ နောက်တကြိမ် ပို့ဖို့ ပြင်ဆင်နေပြီး ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013