DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ပဲခူး PDF တပ်ဖွဲ့က လူငယ်များအား ဖိတ်ခေါ်
DVB
·
February 13, 2024
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ပဲခူး PDF တပ်ဖွဲ့က လူငယ်များအား ဖိတ်ခေါ်
Donate to DVB

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်တဲ့အကြောင်း စစ်ကောင်စီက  ကြေညာခဲ့ပြီးနောက် ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ထမ်းလိုကြတဲ့ လူငယ်တွေကို ဖိတ်ခေါ်နေပါတယ်။

“လူငယ်/လူလတ်/ကျား/မ တော်တော်များများ ဆက်သွယ်လာကြတာတွေ အများကြီးရှိလို့ ပြန်မဖြေနိုင်အောင်ပါပဲ။ သဒ္ဒါစိတ်ကြောင့်ပဲလာလာ၊ ဘေးဘရာကြောင့်ပဲလာလာ၊ ကျနော်တို့တွေ အတူတူ အပြန်အလှန် စောင့်ရှောက်ရင်း အတူတူချီတက်ကြမယ်။ ကျနော်တို့ တော်လှန်ရေးညီအစ်ကိုတွေ အတူတူချီတက်နေပါတယ်။ ခင်ဗျားတို့ ထပ်ရောက်လာမယ် ဆိုတော့ ဝမ်းသာတာပေါ့။ ကြိုဆိုပါတယ်ဗျာ။”

ပြည်သူတွေအနေနဲ့ စစ်မှန်တဲ့ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ထမ်းပြီး နိုင်ငံအသစ် ဖြစ်ထွန်းရေးမှာ ပါဝင်ချင်သူတွေအတွက် စစ်သားသစ်တွေ လက်ခံပေးနေကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF က ထုတ်ပြန်ထားပါတယ်။

နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့တာဖြစ်ပြီး ဒီကြေညာချက် ထွက်လာပြီးနောက် လူငယ်တွေနဲ့ မိဘတွေဟာ ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေကြောင့် စိုးရိမ်တကြီး ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မြေပြင်မှာ သန်းခေါင်စာရင်း ကောက်ယူတာအပြင် လူငယ်တွေရဲ့ သတင်းအချက်အလက်တွေကိုပါ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ အာဏာသိမ်းပြီးကတည်းက စုဆောင်းခဲ့တာပါ။

စစ်မှုထမ်းဥပဒေအရ အရပ်ဘက်ဆိုင်ရာ အမျိုးသားတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အသက်အရွယ်ရှိသူတွေ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အသိပညာ အတတ်ပညာ တခုခု တတ်မြောက်ကျွမ်းကျင်သူတွေလို့ သတ်မှတ်ထားတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ ဒါမှမဟုတ် တခြား အတတ်ပညာတရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူတွေကတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပါရှိပါတယ်။

သာမန်လူတွေအတွက် စစ်မှုထမ်းရမယ့်အချိန်ကို ၂ နှစ် သတ်မှတ်ထားပေမဲ့ ကျွမ်းကျင်အဆင့် ဆိုရင်တော့ နိုင်ငံအရေးပေါ်အခြေအနေဆိုရင် ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

လတ်တလောမှာတော့ ဒီဥပဒေအပေါ် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) အပါအဝင် တော်လှန်ရေးအင်အားစုတွေ အသီးသီးက ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေယန္တရား လည်ပတ်နိုင်အောင် ပါဝင်ဆောင်ရွက် အားပေးကူညီသူတွေကို ကျေးရွာ၊ ရပ်ကွက် အောက်ခြေအဆင့်အထိ စုံစမ်းဖော်ထုတ် အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူ ဦးကျော်ဇော်က ပြောထားပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်လိုတဲ့ လူငယ်လူရွယ်တွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ဖိတ်ခေါ်နေပြီး သက်ဆိုင်ရာ တော်လှန်ရေးစစ်ကြောင်း၊ တပ်ရင်းတွေ အသီးသီးရဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်‌တွေကို လူမှုကွန်ရက်တွေမှာ ထုတ်ပြန်‌ ဖော်ပြပေးထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013