DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်း ဥပဒေကြောင့် မိဘပြည်သူများ စိုးရိမ်၊ လူငယ်များ စိတ်မလုံခြုံမှု ခံစားနေရ 
DVB
·
February 13, 2024
စစ်မှုထမ်း ဥပဒေကြောင့် မိဘပြည်သူများ စိုးရိမ်၊ လူငယ်များ စိတ်မလုံခြုံမှု ခံစားနေရ 
Donate to DVB

မြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေနဲ့ ပက်သက်လို့ မိဘပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေသလို အထူးသဖြင့် လူငယ်တွေကြားမှာလည်း စိတ်လုံခြုံမှု မရှိသလို ခံစားနေပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စတင် အသက်ဝင် ကျင့်သုံးမယ့်အကြောင်း စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးနေတဲ့ စစ်ကောင်စီ လက်အောက်မှာ စစ်မှုမထမ်းချင်တဲ့ လူငယ်အများစုဟာ ဒီဥပဒေကြောင့် လတ်တလောမှာ စိတ်မလုံခြုံမှုတွေ ခံစားနေရပါတယ်။

အထူးသဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုးသမီးတွေပါ စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်နေတာကြောင့် ပြည်တွင်းမှာ စိတ်မလုံခြုံမှု ပိုခံစားနေရတယ်လို့ နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။

“စစ်တပ်ဘက်ကို မဖြစ်မနေဝင်ရမယ့် ပုံစံမျိုး ဖြစ်နေတာပေါ့။ ပြီးတော့ ဒီမြို့ထဲမှာ နယ်ဘက်တွေမှာ စာရင်းတွေ ကောက်တယ်လည်း ကြားတယ်။ ညီမတို့ကျတော့ တခြားနိုင်ငံကို ထွက်ဖို့ ကြိုးစားနေရင်းနဲ့ မထွက်ဖြစ်သေးတာပေါ့။ မထွက်ဖြစ်သေးတဲ့ အနေအထားဆိုတော့ ပိုပြီး စိတ်ပူရတယ်။ ထွက်လို့ ရပါ့မလား။ လေဆိပ်ရောက်မှ ပိတ်ခံရမလား။ စိတ်ပူမှုတွေ ရှိတာပေါ့။ စိတ်မလုံခြုံမှုတွေ ခံစားနေရတယ်။ အလုပ်သွားနေရင်းနဲ့ ညဘက်နည်းနည်း နောက်ကျသွားရင်တောင် ပေါ်တာ ဆွဲခံရမလားဆိုတဲ့ စိတ်အဲ့လို မလုံခြုံမှုတွေ ဖြစ်နေတယ်။ စကစကတော့ ပေါ်တာဆွဲချင်လို့ အဲ့ဥပဒေကို ပြဋ္ဌာန်းတာပေါ့။”

ဒီဥပဒေဟာ ၂၀၁၀ ပြည့်နှစ် ကတည်းက စစ်အာဏာရှင်ဟောင်း  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဥပဒေ စတင်အာဏာ တည်ကြောင်း အမိန့် ထုတ်ပြန်လိုက်တာပါ။

စစ်မှုထမ်း ဥပဒေမှာ အမျိုးသားတွေဆိုရင် အသက် ၁၈ ကနေ ၃၅ နှစ်မပြည့်ခင်အထိ၊ အမျိုးသမီးတွေဆိုရင် အသက် ၁၈ ကနေ ၂၇ နှစ်အထိ ၂ နှစ် စစ်မှုထမ်းဖို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ အတတ်ပညာ တခုခုနဲ့ အသက်မွေးဝမ်းကျောင်းသူတွေဆိုရင် အမျိုးသားတွေ အသက် ၁၈ ကနေ ၄၅ နှစ်၊ အမျိုးသမီးတွေ အသက် ၁၈ ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားပြီး ၃ နှစ်မပိုပဲ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး CDM ဆရာဝန်တဦးက “သူတို့က တရားဝင် ပေါ်တာဆွဲချင်လို့ လုပ်တာလို့ပဲ မြင်တယ်။ တိုင်းပြည်က အေးချမ်းနေတယ်ဆိုရင်တော့ စစ်မှု မထမ်းမနေရက ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ လုပ်ချင်တဲ့ ရည်ရွယ်ချက်က မှားနေတာပေါ့။ ပြည်သူတွေ ကောင်းဖို့ လုပ်တာ မဟုတ်ဘဲ ပိုပြီး ဒုက္ခရောက်အောင် ရှေ့တန်း မရောက်ရောက်အောင် သေတွင်းထဲ ပို့တာပေါ့။ သူတို့ရဲ့ လက်ရှိ အင်အားနည်းတာလည်းပါတယ်။ အင်အားဖြည့်ပြီး လူသားဒိုင်း လုပ်ချင်တာပေါ့။ အဲ့လိုမြင်တယ်။ နောက်တခုကျတော့ နဂိုကတည်းက စားဝတ်နေရေး ကျပ်တည်းပြီး အလုပ်အကိုင်လည်း ရှားပါးတော့ ဘယ်နားသွားနေလို့ နေရမှန်း မသိဖြစ်နေတာပေါ့။ ဆရာဝန်အနေနဲ့လည်း အဓိက CDM တွေဆို ဒီတိုင်းတောင် နိုင်ငံခြားထွက်ဖို့ ခက်နေတော့ ဘယ်အချိန် လာဆွဲမလဲ လန့်နေရတာပေါ့”လို့ ပြောပါတယ်။

နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ တာဝန်ရှိကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ တာဝန်ရှိပြီး ၂ နှစ်တန်၊ ၃ နှစ်တန်သည် သတ်မှတ်ထားတဲ့အတိုင်း စစ်မှုထမ်းရမယ်လို့ ပြောဆိုခဲ့တာပါ။ အရေးပေါ် အခြေအနေ ဖြစ်ခဲ့ရင်တော့ စစ်မှုထမ်း ကာလကို ၅ နှစ်အထိ တိုးမြင့်နိုင်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်ပေမယ့် နည်းဥပဒေကိုတော့ အကောင်အထည်ဖော်တာ မရှိသေးပါဘူး။ တော်လှန်ရေး အင်အားစုတွေကတော့ လူငယ်လူရွယ်တွေ စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် မခံချင်ရင် တခုတည်းသော နည်းလမ်းက တော်လှန်ရေးမှာ ပါဝင်ဖို့ပဲလို့ တိုက်တွန်း ပြောပါတယ်။

ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ ဥက္ကဋ္ဌက “အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ဒီလုပ်ငန်းစဉ် ပုံဖော်တဲ့အခါ နိုင်ငံတဝန်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေကို မစွမ်းသာနိုင်ပါဘူး။ မနည်း ခြေကုပ်ယူပြီးတော့ ရန်ကုန်လို မန္တလေးလို မြို့ကြီးပြကြီးတွေမှာပဲ အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါတယ်။ လူငယ်လူရွယ်၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့အတွက် စစ်ကောင်စီက စီစဉ်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီအတွက် လူသားတံတိုင်း အဖြစ်မခံဖို့ တခုတည်းသော နည်းလမ်းက သင်ကိုယ်တိုင် တော်လှန်ရေးမှာ ပါဝင်ခြင်းပါပဲ”လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း  စစ်ကောင်စီတပ်တွေမှာ ကျဆုံး ဒဏ်ရာရသူတွေ၊ ဖမ်းဆီးခံရသူတွေ၊ လက်နက်ချ အညံ့ခံသူတွေ များလာတဲ့အတွက် စစ်ကောင်စီက ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ပြည်သူ့စစ်သင်တန်းအတွက် လူစုဆောင်းမှုတွေ ဆက်တိုက် ပြုလုပ်နေတာပါ။ စစ်မှုထမ်းဖို့ ငြင်းဆန်ရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဉပဒေမှာ ပြဌာန်းထားပါတယ်။

လတ်တလော စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်း နေရာတချို့မှာလည်း လူစာရင်းကောက်ခံတာတွေ ရှိနေပါတယ်။ နယ်မြို့တချို့မှာတော့ ပြည်သူ့စစ်ကောက်ခံရာမှာ  စာရင်း မပေးနိုင်ရင် ငွေညှစ် တောင်းခံတာတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုင်းရင်းသားဒေသတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက တပ်သားသစ် စုဆောင်းတာတွေလည်း ရှိနေပါတယ်။  

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013