DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့ အဓိကနေရာများကို စစ်တပ်က ပြန်ထိန်းချုပ်၊ ကန့်ဘလူ စစ်ရှောင် ၁၅,၀၀၀ ကျော် အကူအညီလိုအပ်
DVB
·
February 13, 2024
ကောလင်းမြို့ အဓိကနေရာများကို စစ်တပ်က ပြန်ထိန်းချုပ်၊ ကန့်ဘလူ စစ်ရှောင် ၁၅,၀၀၀ ကျော် အကူအညီလိုအပ်
Donate to DVB

စစ်ကိုင်းတိုင်း ကောလင်းမြို့က အဓိကကျတဲ့နေရာတွေကို စစ်ကောင်စီတပ်ဘက်က ပြန်လည် ထိန်းချုပ်ထားပြီး တိုက်ပွဲအခြေအနေ ငြိမ်သက်နေတယ်လို့ ကောလင်းဒေသခံတွေဆီက သိရပါတယ်။

ကောလင်းမြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လက်မလွှတ်ရရေး စစ်ရေးဗျူဟာတကျ ဆောင်ရွက်နေကြောင်းနဲ့ မြို့ကို စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းတွေ မဟုတ်မှန်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူက  ပြောကြား ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းမှာ ကောလင်းမြို့ထဲက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အမှတ် ၁ အထက်တန်းကျောင်း၊ ရဲစခန်းတို့မှာ ပြန်လည် တပ်စွဲ ထားတယ်လို့ သိရပါတယ်။

ကောလင်းမြို့ပေါ် ရပ်ကွက်တွေကို တပ်ဖြန့်ထားပြီး တိုက်ပွဲတွေလည်း ငြိမ်သက်နေတယ်လို့ Kawlin Revolution-KR အဖွဲ့ဆီကနေ သိရပါတယ်။

ကောလင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ဖို့ ဖေဖော်ဝါရီ ၃ ရက်ကတည်းက စစ်ကောင်စီတပ်သား အင်အား ၈၀၀ ကျော်ပါ စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“မြို့ပြဧရိယာကို စကစက ထိန်းချုပ်ထားပါတယ်ဗျ။ အစိုးရရုံးနေရာတွေဖြစ်တဲ့ ထွေအုပ်တို့ အထက ၁၊ ရဲစခန်းဘက်တို့ကို အမာခံယူပြီး တပ်ဖြန့်ထားတယ်လို့ သိရတယ်ဗျ။ တိုက်ပွဲအခြေအနေက လက်ရှိငြိမ်နေပါတယ်ဗျ။ ဘယ်အချိန်ပြန်ဖြစ်မယ်တော့ မသိသေးပါဘူး” လို့ KR အဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လက်နက်ကြီးကြောင့် ကောလင်းမြို့ပေါ်က ကျော်ဇေယျာရပ်ကွက် တောင်ပိုင်းနဲ့ သစ်စက်အနောက်ခြမ်း၊ အောင်သီရိ ရပ်ကွက်၊ ကောလင်းမြို့မစျေးတို့မှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး ကောလင်းမြို့သိမ်းတိုက်ပွဲ အောင်မြင်ခဲ့တာကြောင့် အထူးဝမ်းမြောက် ဂုဏ်ယူမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာ ၆ ရက်မှာပဲ အောင်ပွဲ အမှတ်တရ ဂုဏ်ပြုစကားထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက တိုက်နယ် ၃ ခုမှာ စစ်ဘေးရှောင်ပြည်သူ ၁၅,၀၀၀ ကျော်ရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၂၈ ရက်ကတည်းက စစ်ကောင်စီနဲ့ ပျူစောထီး ၁၅၀ ပါ စစ်ကြောင်းက ကျေးရွာတွေဘက် စစ်ကြောင်းထိုးလာတဲ့အတွက် ထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ပင့်သာတိုက်နယ်အတွင်းက ပြည်သူ ၅,၀၀၀ နီးပါး၊ ချပ်သင်းတိုက်နယ်အတွင်းက ပြည်သူ ၃,၀၀၀ ကျော်၊ ကိုးထောင်ဘို့တိုက်နယ်အတွင်းက ပြည်သူ ၇,၀၀၀ ကျော်ဟာ နီးစပ်ရာ ကျေးရွာတွေကို စစ်ဘေးတိမ်းရှောင်နေကြရတာ ၁၇ ရက်ကျော်ကြာပြီး ထောက်ပံ့မှု မရတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

ကန့်ဘလူ စစ်ဘေးရှောင်အကူအညီပေးသူတဦးက “ကန့်ဘလူဝဲယာကို စစ်ကြောင်းထိုးတယ်၊ အကြောင်းမဲ့ ဝင်ထွက်သွားလာတယ်၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်တာတွေရှိတယ်၊ ပြည်သူတွေက ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။ စစ်ရှောင်တွေက ပြည်သူအချင်းချင်း ထောက်ပံ့မှုနဲ့ပဲ နေနေကြရတယ်။ မြို့နယ်အနေနဲ့ကလည်း စစ်ဘေးရှောင်တွေကို ကူညီနိုင်မယ့် အခြေအနေတော့ မရှိသေးပါဘူး။ မြေပြင်အနေအထားကလည်း သွားရလာရခက်ခဲတယ်။ စစ်ကြောင်းကလည်း အလုံးအရင်းနဲ့ ဝင်လာတာဆိုတော့ ဝေဟင်ကလည်း ပစ်ခတ်တာတွေ ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ကန့်ဘလူနယ်ထဲ ထိုးနေတဲ့ စစ်ကြောင်းက အင်ငုတ်တိုကျေးရွာက ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013