DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကို သပိတ်အင်အားစု ကန့်ကွက်၊ တပ်သားသစ်များကို လူသားတံတိုင်းအဖြစ် သုံးရန် ရည်ရွယ်ခြင်းဖြစ်ဟုဆို    
DVB
·
February 13, 2024
စစ်မှုထမ်းဥပဒေကို သပိတ်အင်အားစု ကန့်ကွက်၊ တပ်သားသစ်များကို လူသားတံတိုင်းအဖြစ် သုံးရန် ရည်ရွယ်ခြင်းဖြစ်ဟုဆို    
Donate to DVB

စစ်ကောင်စီက အခုရက်ပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာချက်” အပေါ် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)  က  ကန့်ကွက်လိုက်ပါတယ်။

ခုလိုပြည်သူ့သဘောဆန္ဒမပါဝင်တဲ့ တရားဝင်မှုမရှိတဲ့ ဥပဒေတွေ၊ ထုတ်ပြန်ချက်တွေနဲ့ “အတင်းအဓမ္မ” စစ်သားသစ်စုဆောင်းဖို့ ကြံရွယ်နေတာတွေက  “လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ” ကို ထပ်မံ ကျူးလွန်မယ့် အစ ဖြစ်တယ်လို့ သပိတ်အင်အားစုက ပြောလိုက်ပါတယ်။

နအဖ စစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ် ပြန်လိုက်တာပါ။

ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီးတော့ အာဏာသိမ်းခဲ့တာက နိုင်ငံတော်ပုန်ကုန်မှု ဖြစ်ပြီး သူတို့ရဲ့ တရားဝင်မှုပါ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်တာကြောင့် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဥပဒေတွေပြင်ဆင်တာ၊ အတည်ပြုပြဋ္ဌာန်းတာတွေကို လုပ်ပိုင်ခွင့်မရှိဘူးလို့လည်း GSCB က ပြောပါတယ်။

အဆိုပါထုတ်ပြန်ချက်က အကြမ်းဖက်စစ်အုပ်စုလက်ဝေခံ ဖက်ဆစ်စစ်တပ်အနေနဲ့ စစ်အုပ်စုက ပြဋ္ဌာန်းခဲ့တဲ့ အဆိုပါစစ်မှုထမ်းဥပဒေကို တရားဝင်သလို အသုံးပြုပြီးတော့ အတင်းအဓမ္မ လူသစ်စုဆောင်းဖို့နဲ့ တပ်သားသစ်တွေကို လူသားတံတိုင်းအနေနဲ့ အသုံးပြုဖို့ ကြံရွယ်တဲ့ ပက်စက်တဲ့ သွေးရူးသွေးတန်း ဆောင်ရွက်ချက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီထုတ်ပြန်ချက်နဲ့ ဘယ်သူ့ကိုမဆို ဘယ်လိုအကြောင်းပြချက်မှ မရှိဘဲ ဘယ် နေရာမှာမဆို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာ၊ တပ်သားသစ် စုဆောင်းတာတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ဖို့ ဖြစ်ပြီးတော့ ခုလို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာက ပြည်သူအချင်းချင်း သတ်ဖြတ်စေဖို့ အတင်းအဓမ္မ ပြုလုပ်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက် ထုတ်ပြီး နောက်ပိုင်းမှာလည်း ကလေးမြို့အပါအဝင် မြို့နယ်တချို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်သား နဲ့ရဲတွေက လူငယ်တွေကို အကြောင်းမဲ့ စာရင်းကောက်ခံတာ၊ ဖမ်းဆီးတာတွေကြောင့် လူပျောက်တာ၊ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးနှိပ်စက် အကြမ်းဖက်ခံရတာမျိုးတွေ ဖြစ်ပေါ်နေသလို ဒီအတွက် အကြမ်းဖက် စစ်အုပ်စုသာမက သူတို့ရဲ့ လက်ဝေခံ စစ်သားနဲ့ ရဲတွေမှာပါ အပြည့်အဝ တာဝန်ရှိတယ်လို့ GSCB ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် လူမျိုးစုတော်လှန်ရေးအင်အားစုတွေ (EROs) အနေနဲ့လည်း “စိုးရိမ်ပူပန်နေတဲ့” လူငယ်ပြည်သူတွေကို ခိုလှုံရာတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပါဝင်နိုင်တဲ့ အခင်းအကျင်းတွေ၊ အခြေအနေတွေကို ပြင်ဆင်ပြီး နွေးထွေးစွာကြိုဆိုပေးတာ၊ လူ့စွမ်းအားအရင်းအမြစ်တွေကို စနစ်တကျစီမံနိုင်ဖို့ ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တော်လှန်ပြည်သူတရပ်လုံး အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေကို အုံကြွတော်လှန်ဖို့နဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြပြီးတော့ အမှန်တကယ် လိုလားတဲ့ တိုင်းပြည်ကိုတည်ဆောက်ဖို့ တညီတညွတ်တည်း အတူတကွ ပူးပေါင်းပါဝင်ကြဖို့လည်း GSCB က တိုက်တွန်းလိုက်ပါတယ်။

စစ်မှုထမ်းဥပဒေအရ အရပ်ဘက်ဆိုင်ရာ အမျိုးသားတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အသက်အရွယ်ရှိသူတွေ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အသိပညာ အတတ်ပညာ တခုခု တတ်မြောက်ကျွမ်းကျင်သူတွေလို့ သတ်မှတ်ထားတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ ဒါမှမဟုတ် တခြားအတတ်ပညာ တရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြု နေသူတွေကတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပါရှိပါတယ်။

သာမန်လူတွေအတွက် စစ်မှုထမ်းရမယ့်အချိန်ကို ၂ နှစ်သတ်မှတ်ထားပေမယ့် ကျွမ်းကျင် အဆင့်ဆိုရင်တော့ နိုင်ငံအရေးပေါ် အခြေအနေဆိုရင် ငါးနှစ်အထိ တာဝန်ထမ်းဆောင် ရမယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013