DVB Logo
Home
မြန်မာသတင်း
ဟိုင်းကြီးကျွန်းတွင် စက်လှေသမား ၃ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲဖမ်းဆီး
DVB
·
April 22, 2026
ငပုတောမြို့နယ်က စက်လှေဆိပ်ကမ်းတခုတွင် စစ်ဆေးနေသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်အချို့။ (Photo: Myo Min)
ငပုတောမြို့နယ်က စက်လှေဆိပ်ကမ်းတခုတွင် စစ်ဆေးနေသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်အချို့။ (Photo: Myo Min)
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ ကုန်တင်စက်လှေသမား ၃ ယောက်ကို PDF ထောက်ပို့လို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်က ဟိုင်းကြီးကျွန်းမြို့ အုတ်တွင်းနဲ့ ချောင်းဝကျေးရွာက ဒေသခံ ကုန်တင်စက်လှေသမား ၃ ယောက်ကို မနေ့ ဧပြီ ၂၁ ရက် ညနေပိုင်းက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က “မောင်းလာတဲ့ စက်လှေတွေကို ရပ်တန့်ခိုင်းပြီး ဖမ်းခဲ့တာ။ စက်လှေပေါ်မှာ ဆန်အိတ်တွေ တင်မောင်းလာတာလို့ သိရပါတယ်။ စစ်တပ်က PDF ထောက်ပို့တွေလို့ ဆိုပြီး ဖမ်းတာ” လို့ ပြောပါတယ်။

စစ်တပ်က အသက် ၄၀ ဝန်းကျင်အရွယ် ကုန်တင်စက်လှေမောင်းတဲ့လုပ်ငန်း လုပ်ကိုင်သူ ဦးလှရွှေ အပါအဝင် စက်လှေပေါ်ပါလာတဲ့ တခြားသူ ၂ ယောက်ကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပြီး စက်လှေကိုပါ သိမ်းယူထားတယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ နီးစပ်သူတယောက်က “ရေတပ်က ဖမ်းတာလို့ သိရတယ်။ ဟိုင်းကြီးကျွန်း ပမ္မဝတီတပ်ထဲ ဖမ်းသွားတာ။ စစ်တပ်ဘက်က PDF တပ်ဖွဲ့ဝင် ဒါမှမဟုတ် ထောက်ပို့ဆိုပြီး ဖမ်းတာ” လို့ ပြောပါတယ်။

အဆိုပါဒေသက ဒေသခံတွေဟာ ဆန်အပါအဝင် စားကုန်သောက်ကုန်တွေကို ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ် ပင်လယ်ကမ်းစပ် ကျေးရွာတွေကနေ ဝယ်ယူတဲ့ နေရာဒေသတွေကို စက်လှေတွေနဲ့ ပုံမှန် သယ်ယူတင်ပို့ ရောင်းချနေတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေကနေ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ် PDF တွေဆီ ဆန် အပါအဝင် စားနပ်ရိက္ခာတွေ မရောက်ရှိစေဖို့ စစ်တပ်က စစ်ဆေးရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013