
ပြီးခဲ့တဲ့လတုန်းက ပျောက်ဆုံးနေတဲ့ ဂါဇာစီးတီးက ၆ နှစ်သမီးကလေးရဲ့ ရုပ်အလောင်းကို သူ့ဆွေမျိုးတွေရဲ့ အလောင်းတွေ၊ သူ့ကို သွားကယ်ဖို့ ကြိုးစားခဲ့ကြတဲ့ ဆေးအကူဝန်ထမ်း ၂ ဦးရဲ့ အလောင်းတွေနဲ့အတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ တွေ့ရှိခဲ့ရပြီး အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။
ပါလက်စတိုင်း လခြမ်းနီအဖွဲ့ကတော့ အစ္စရေးတပ်တွေဟာ ၆ နှစ်သမီးကလေး ဟင်ဒ်ရာဂျက်ဘ်ကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့ လူနာတင်ကားကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပြီး ဆေးအကူတွေကိုပါ သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဟင်းဒ်ရာဂျက်ဘ်ဟာ ဇန်နဝါရီ ၂၉ ရက်က ဂါဇာစီးတီးမြို့ကနေ သူ့အဒေါ်၊ ဦးလေး၊ တဝမ်းကွဲ ညီအစ်ကို မောင်နှမတွေနဲ့အတူ ကားတစီးနဲ့ ထွက်ပြေးလာချိန်မှာ သူတို့စီးလာတဲ့ကားကို အစ္စရေးတင့်ကားတွေရဲ့ ပစ်ခတ်မှု ထိမှန်ခဲ့တယ်လို့ ယူဆရပါတယ်။
ဟင်းဒ်ဟာ ကားပေါ်ပါလာသူအားလုံး သေဆုံးသွားချိန်မှာ သေသူတွေရဲ့ အလောင်းတွေနဲ့ အကာအကွယ်ယူပြီး ပုန်းအောင်းနေခဲ့ကာ အရေးပေါ်ကယ်ဆယ်ရေးကို ဖုန်းဆက် အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။
မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ဖုန်းမှတ်တမ်းအရ တယောက်ယောက် လာကယ်ပေးဖို့ အကူအညီ တောင်းနေချိန်မှာ သေနတ်သံတွေ ထပ်ကြားရပြီး ဖုန်းလိုင်းပြတ်တောက်သွားခဲ့ပါတယ်။
အစ္စရေးတပ်တွေဆီက ခွင့်ပြုချက်ကြိုယူပြီးမှ ဟင်းဒ်ကို ကယ်ဖို့ လူနာတင်ကားတစီး စေလွှတ်ခဲ့တာ ဖြစ်တယ်လို့ လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။
“ကျနော်တို့ ညှိနှိုင်းပြီး မီးစိမ်းပြမှ လွှတ်တာပါ။ ရောက်ရောက်ချင်း ဟင်းဒ် ပိတ်မိနေတဲ့ ကားကို တွေ့ရသလို ဟင်းဒ်ကိုလည်း မြင်နေရတယ်လို့ သတင်းပို့ပါတယ်။ နောက်ဆုံး ကြားလိုက်ရတာကတော့ သေနတ်သံတွေပါပဲ” လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် နီဘယ်လ် ဖာဆက်ခ်က ပြောပါတယ်။
တိုက်ပွဲတွေ ငြိမ်သက်သွားပြီး ဖေဖော်ဝါရီ ၁၀ ရက်ကျမှာ လခြမ်းနီအဖွဲ့က အခင်းဖြစ်နေရာကို ထပ်သွားကြည့်တဲ့အခါ အလောင်းတွေနဲ့ ပျက်စီးနေတဲ့ ကားကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters










