DVB Logo
Home
မြန်မာသတင်း
ဝန်းသိုနှင့် ထီးချိုင့်ကို စစ်ကောင်စီက ဒရုန်း၊ လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် အရပ်သားတချို့ ထိခိုက်သေဆုံး
DVB
·
February 11, 2024
ဝန်းသိုနှင့် ထီးချိုင့်ကို စစ်ကောင်စီက ဒရုန်း၊ လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် အရပ်သားတချို့ ထိခိုက်သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊‌ ထီးချိုင့်မြို့နယ်နဲ့ ဝန်းသိုမြို့နယ်က ကျေးရွာတွေကို ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၁ နာရီမှာ စစ်ကောင်စီက ဒရုန်းအပါအဝင် လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထီးချိုင့်မြို့နယ်၊ သခွတ်ချောင်ရွာနဲ့ တည်တောရွာကို ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၁ နာရီက ဒရုန်းယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒရုန်းတွေဟာ ထီးချိုင့်မြို့ဘက်ကနေတက်လာပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကောင်စီက သတင်းထောက်လှမ်းရေးလုပ်တဲ့ လေယာဉ်ပုံစံ ဒရုန်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “အခါတိုင်းလို ပုံမှန်ကင်းထောက်တာထင်နေတာဗျ။ ကင်းထောက်တာမဟုတ်ဘဲ ဗုံးသီး ၂ လုံး ကြဲချထားခဲ့တာ။ ရွာအရှေ့ပိုင်းက ဆန်စက်ရှိတဲ့ အိမ်ကို ကျတာ။ ဆန်ကြိတ်နေတဲ့ အမျိုးသမီး ၂ ဦးကတော့ ဗုံးအစထိမှန်တာတွေ ရှိခဲ့တယ်။ အခုတော့ ဆေးကုသပေးနေတယ်ဗျ။ ဒဏ်ရာရတဲ့ မိန်ကလေး ၂ ယောက်စလုံးက  အသက် ၃၀ ကျော်တွေ။ နောက်ထပ်လည်း တည်တောရွာကိုလည်း ချသွားသေးတယ်။ အဲဒီရွာကတော့ လူအထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ထီးချိုင့်မြို့မှာ ၂၀၂၃  အောက်တိုဘာ ၂၇ ရက်‌ကစလို့ ဒီနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အလားတူ ဝန်းသိုမြို့နယ်အတွင်းက နမ်းခမ်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၀ ရက် နေ့ခင်းမှာ လေယာဉ်နဲ့ အကြောင်းမဲ့ပစ်ခတ်တာကြောင့် ကလေး ၁ ယောက် သေဆုံးတယ်လို့ Kawlin Revolution-KR တာဝန်ရှိသူဆီက သိရပါတယ်။

လာရောက်ပစ်ခတ်တဲ့ လေယာဉ်အမျိုးအစားဟာ ဂျက်ဖိုက်တာအမျိုးအစားဖြစ်ပြီး မြစ်ကြီးနား လေယာဉ်ကွင်းက‌ တက်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Kawlin Revolution-KR တာဝန်ရှိသူတယောက်က “လေယာဉ်နဲ့ပစ်လို့ သေတဲ့သူတွေက ကျနော်တို့ ကောလင်းမြို့နယ်၊ ကျွန်းလှခုံရွာက စစ်ရှောင်ပြည်သူတွေပါ။ တိုက်ပွဲတွေဖြစ်နေလို့ အဲဒီဘက် စစ်ရှောင်သွားရင်း အခုလိုဖြစ်သွားတာ။ အသက် ၆ နှစ် အရွယ် မောင်သော်ဇင်မင်းသန့်ကတော့ နေရာတင် သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်။ မြေပြင်မှာ စစ်ပွဲဖြစ်တာ လုံးဝဖြစ်ပွားတာမရှိဘဲနဲ့ကို အကြောင်းမဲ့ ပစ်သွားတာ” လို့ ပြောပါတယ်။

ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ် အပါအဝင် တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ဖေဖော်ဝါရီ ၁ ရက်က စလို့ ဒီနေ့အချိန်အထိ နှစ်ဖက်ပစ်ခတ်မှု ပြင်းထန်နေဆဲဖြစ်တာကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရပြီး အရပ်သား သေဆုံးထိခိုက်မှုကိုတော့ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မရှိသေးသလို ပြည်သူ့ကာကွယ်ရေးဘက်က ထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013