
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က အင်းတော်မြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေဟာ ဝန်းသိုမြို့နယ် တပ်လွှင်ရွာမှာ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက တိုက်ပွဲတွေဖြစ်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။
အင်းတော်မြို့နယ်ထဲက မဲဇာစံပြကျေးရွာကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်လိုက်ပြီး နောက်မှာတော့ ဆက်လက်စစ်ကြောင်းထိုးလာလို့ ဝန်းသိုမြို့နယ်ထဲက တပ်လွှင်ကျေးရွာမှာ တိုက်ပွဲဆက်ဖြစ်နေတာလို့ ဆိုပါတယ်။
အင်းတော်မြို့နဲ့ ဝန်းသိုမြို့နယ်တို့ဟာ မိုင် ၄၀ နီးပါး ကွာဝေးတာဖြစ်ပြီး အင်းတော်မြို့နယ် ပါအော့ရွာကနေ ဝန်းသိုမြို့နယ် တပ်လွှင်ရွာကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “အင်းတော်ဘက်က စစ်ကြောင်းတွေ မဲဇာကနေ တပ်လွှင်ကို ရောက်လာလို့ အဲဒီမှာ ထိတွေ့မှုဖြစ်နေတာ။ ဒီနေ့ပဲဖြစ်နေတာ။ ပထမဆုံး အင်းတော်က ထွက်ချိန်မှာ လေကြောင်း ၂ ကြိမ်တိုက်ခိုက်တော့ တော်လှန်ရေးရဲဘော်တဦး ကျဆုံးသွားတာရှိတယ်။ အခု မဲဇာကနေ ပါအော့ပေါ့၊ အဲဒီကနေ တပ်လွှင်ရွာကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်နေတာ” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ အသေးစိတ် အချက်အလက်ကိုတော့ ပြောပြတာ မရှိပါဘူး။
စစ်တပ်ဟာ ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်းနဲ့ ဆက်စပ်နေတဲ့ အချက်အချာကျ နေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အောက်တိုဘာ ၆ ရက်ကစပြီး အင်းတော်မြို့နယ်ကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
အဲဒီနောက် အောက်တိုဘာ ၉ ရက်နေ့မှာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး ရထားလမ်းနဲ့ ကားလမ်းဆုံရာ မဲဇာစံပြကျေးရွာကို ပြန်လည်ထိန်းချုပ်သွားခဲ့တာ ဖြစ်ပါတယ်။











