DVB Logo
Home
မြန်မာသတင်း
ဒေးဒရဲ ဒေသခံ ၆ ဦးကို လက်နက်များနှင့်အတူမိ ဟု စစ်တပ်က ဖမ်းဆီးစွပ်စွဲ
DVB
·
February 11, 2024
ဒေးဒရဲ ဒေသခံ ၆ ဦးကို လက်နက်များနှင့်အတူမိ ဟု စစ်တပ်က ဖမ်းဆီးစွပ်စွဲ
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံ ၆ ယောက်ကို လက်နက်တွေနဲ့အတူတွေ့ရှိတယ်လို့ စွပ်စွဲပြီးဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေးဒရဲမြို့နယ်၊ ကျိတ်တောကျေးရွာနဲ့ ကဝက်ချောင်းကျေးရွာက ကိုနိုင်ဝင်းဆွေ၊ ကိုလှိုင်မျိုးကျော်၊ ကိုနိုင်မျိုးရွှေနဲ့ သူ့ဇနီး၊ ကိုဝေယံဦးနဲ့ သူ့ရဲ့မိခင်တို့ဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်က ဖမ်းဆီးသွားတာလို့ ဒေသခံတက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

“အားလုံး အဖမ်းခံရတာ ၆ ယောက်။ ကိုဝေယံရဲ့ မိခင်လည်းပါတယ်။ အဖမ်းခံရသူတွေကို လက်နက်တွေနဲ့အတူ ဖမ်းမိတယ် ဆိုပြီး စကစက စွပ်စွဲဝါဒဖြန့်တာ။ အခု ဖမ်းခံရသူတွေ အားလုံးက  ဒေသခံအရပ်သားတွေပဲ။ တော်လှန်ရေးအဖွဲ့တွေကို လက်နက်တွေနဲ့အတူ ဖမ်းမိတယ်ဆိုပြီး စကစက သက်သက် လုပ်ဇာတ်ခင်း သတင်းလွှင့်တာ။ သူတို့ လာဖမ်းတော့  တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး ပြောဖမ်းတာ။ သူတို့လက်ထဲလည်းရောက်တော့ လက်နက်တွေနဲ့မိတာ PDF တွေလို့ လုပ်တာ” လို့ ပြောပါတယ်။

အဖမ်းခံရသူတွေနဲ့အတူ ဒရုန်း ၄ စင်း၊ သေနတ် ၃ လက်နဲ့ RPG လည်းပါဝင်တယ်လို့ ဓာတ်ပုံရိုက်ပြီး သတင်းတွေဖြန့်နေတာလို့ သိရပါတယ်။

စစ်တပ်နဲ့ နီးစပ်သူတယောက်ကလည်း “အခု ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိသေးဘူး။ အခု ဖမ်းခံရသူတွေထဲက ကိုဝေယံဦးဆို ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (က) နဲ့ ထောင်ချခံခဲ့ရတာ၊ ၂၀၂၂ နိုဝင်ဘာလမှာ ပြန်လည်လွတ်လာတဲ့သူပါ။ သူ့ရဲ့မိခင်ဆို အသက်ကြီးပြီ။ ဒါကိုလက်နက်တွေနဲ့ မိတာတဲ့” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၆ လောက်က စလို့ စစ်ကောင်စီတပ်က ဒေးဒရဲမြို့နယ်မှာ စစ်ဆေး ဖမ်းဆီးတာတွေ တကျော့ပြန် ဆက်တိုက်လုပ်လာတာဖြစ်ပြီး ဒေသခံ အရပ်သားတွေကို PDF လို့ စွပ်စွဲလာတာကြောင့် သတိထားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီခန့် ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူး ၁ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်တုန်းက ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဒေသခံအရပ်သား ၆ ယောက်ထက်မနည်းကို စစ်တပ်က အဲဒီဖြစ်စဉ်နဲ့ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးပြီး ၄ လ လောက်အကြာမှ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013