DVB Logo
Home
Lead Story
ထွက်ပြေး ကြောက်ပြေး နယ်စပ်ကျော်ပြေး အသက်လုပြေးနေရတဲ့ တပ်ပျက်
DVB
·
February 11, 2024
ထွက်ပြေး ကြောက်ပြေး နယ်စပ်ကျော်ပြေး အသက်လုပြေးနေရတဲ့ တပ်ပျက်
Donate to DVB

တချိန်တခါတုန်းက “တိုက်တိုင်းအောင်တပ်မတော်”၊ “နောင်တခေတ်ရဲ့ အောင်စစ်သည်” ဘာညာသာရကာ မော်ကြွားခဲ့သမျှဟာ လက်ရှိအချိန်အခါမှာတော့ အာဏာရှင် ခါးပိုက်ဆောင် မြန်မာစစ်တပ်အတွက် ပုံပြင်ပမာ ဒဏ္ဍာရီပမာ ဖြစ်သွားခဲ့ရပါပြီ။ ပြည်သူနဲ့ခင်းရတဲ့ လက်ရှိ ပြည်တွင်းစစ်မှာ တိုက်တိုင်းရှုံး၊ အလွယ်တကူအညံ့ခံ၊ လက်နက်ချ အလံဖြူထောင်လာရုံသာမက ကမ္ဘာပုံအလယ်မှာ အရှက်တကွဲ အကျိုးနည်းရအောင် အိမ်နီးချင်းနိုင်ငံ နယ်နိမိတ်ထဲ အသက်လု ထွက်ပြေးနေရတဲ့ ဖြစ်စဉ်တွေ အလေ့အထတခုလို ခပ်စိတ်စိတ် ဖြစ်ပွားလာခဲ့ရပြီ မဟုတ်ပါလား။

ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်ပြီး အာဏာရှင်လူယုတ်မာ စစ်အခွင့်ထူးခံတသိုက်ထံ သစ္စာခံခဲ့ကြတာမို့ ခံယူချက်ကျိုးပဲ့ စိတ်ဓာတ်ယိမ်းယိုင်ခဲ့ရတဲ့ စစ်ဓားပြဂိုဏ်းဟာ နွေဦးတော်လှန်ရေး လက်နက်ကိုင် မဟာမိတ်တပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ကြရာမှာ စစ်စွမ်းရည်၊ တိုက်စွမ်းရည် ပျောက်ဆုံးလို့ လွယ်လင့်တကူ ရှုံးနိမ့်ခဲ့ကြရပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အသက်ဘေးအတွက် ထွက်ပြေးသွားတဲ့ စစ်အကြမ်းဖက်ကောင်စီရဲ့ နယ်ခြားစောင့်တပ်သား အရေအတွက်ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ထိ စုစုပေါင်း ၃၂၇ ဦး ရှိသွားပြီလို့ သိရပါတယ်။

တကယ်တော့ အခုလို စစ်အာဏာရှင်တပ်ပျက်ဟာ သူတပါးနိုင်ငံဘက်ကို အရှက်မဲ့ ဂုဏ်သိက္ခာမဲ့စွာ ထွက်ပြေးကြရတာ အခုမှမဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ဖလူး-ဝေါ်‌လေ ကားလမ်းပေါ်က သေ့ဘော့ဘိုး စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ကော်ဘရာစစ်ကြောင်းရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ သေ့ဘော့ဘိုးရွာအဝင် ဆိုင်းဘုတ်အနီးကနေ မြဝတီ-ဝေါ်လေ ကားလမ်းကို ဖြတ်သန်းပြီး ထိုင်း-မြန်မာနယ်စပ်က သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ထွက်ပြေးသွားခဲ့ကြဖူးပါတယ်။

မြန်မာတပ်ပျက် ထွက်ပြေးရတဲ့ နောက်ထပ် အဖြစ်အပျက်ကတော့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာ KIA တပ်မဟာ ၃ နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီခန့်မှာ မန့်ဝိန်းကြီးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ ခမရ ၄၂၄ ရဲ့ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ အရေးနိမ့်ခဲ့ရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးဟာ ရွှေလီမြစ်ကိုဖြတ်ပြီး မန့်ဝိန်းကြီးနဲ့ ၄ မိုင်အကွာမှာရှိတဲ့ တရုတ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ကြပါတယ်။

နောက်တခါ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်မှာ မြန်မာနိုင်ငံ ပလက်ဝဒေသဘက်ကနေ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာတပ်ပျက် စစ်သား ၂၇၈ ဦးဟာ လက်နက်တွေနဲ့အတူ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ အာသံရိုင်ဖိုင်တပ်ဖွဲ့ထံမှာ လက်နက်ချပြီး ဝင်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ကတုန်းကလည်း ပလက်ဝမြို့တိုက်ပွဲနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာရှိတဲ့ ပွိုင့် ၃၇၇ ခြေကုပ်စခန်းကို AA က တိုက်ခိုက်ခဲ့စဉ်အတွင်း စစ်ဓားပြတပ်သား ၈၃ ဦးဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြပါသေးတယ်။

ပလက်ဝနယ်အတွင်း AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်တာကြောင့် ၂၀၂၃ နိုဝင်ဘာလထဲမှာ ၃ ကြိမ်၊ ဒီဇင်ဘာလမှာ ၁ ကြိမ်၊၂၀၂၄ ဇန်နဝါရီလထဲမှာ ၂ ကြိမ် စုစုပေါင်း ၆ ကြိမ်အထိ ရှိခဲ့ပြီး စစ်ဓားပြတပ်သား ထွက်ပြေးတဲ့အရေအတွက် ၄၁၆ ဦး ရှိခဲ့တာမို့ နောက်ဆုံးထွက်ပြေးလာတဲ့ စစ်သားအရေအတွက် ၂၇၈ ဦးပါ ထည့်ပေါင်းရင် အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြတဲ့ စစ်သားအရေအတွက် ၆၉၄ ဦး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီတော့ အနှစ်ချုပ်ရရင် မြန်မာနိုင်ငံက တပ်မတော်အမည်ခံ စစ်ဓားပြဂိုဏ်းဟာ နိုင်ငံတနိုင်ငံအဆင့် လက်နက်ကိုင်အဖွဲ့အစည်းတရပ် ရှိရမယ့် ဂုဏ်သိက္ခာအားလုံး လျှောကျ ပျောက်ဆုံးခဲ့ပါပြီ။ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိတာမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စတဲ့ ၄ နိုင်ငံထဲကို စစ်ရှုံးတဲ့ မြန်မာစစ်သားတွေ ဝင်ပြေးခိုလှုံရတယ်ဆိုတာ စစ်ခေါင်းဆောင်တွေ ရှက်တတ်မယ်ဆို ကိုယ့်ငယ်ပါကိုယ်ထု လဲသေနိုင်လောက်ပါတယ်။

အမှန်တော့ စစ်ဓားပြတပ်ဟာ နှစ် ၇၀ ကျော် လက်နက်အားကိုးနဲ့ ပြည်သူလူထု‌ခေါင်းထက် တက်ထိုင်ရင်း အခွင့်ထူးခံရင်း ခြစားပျက်စီးခဲ့ကြတာမို့ ငွေကျည်ဆန်ထိမှန်ခံထားရတော့ တိုက်ရည်ခိုက်ရည် စစ်စွမ်းရည် ဗီဇတုံးပြီး စစ်သားအသွင်ပျောက်လို့ ဓားပြအသွင် ရောက်ခဲ့ရတာမို့ တကယ်စစ်ဖြစ်တဲ့အခါ ယုံကြည်ချက် ပြင်းထန်မှန်ကန်တဲ့ ပြည်သူ့တော်လှန်‌ရေးတပ်ဖွဲ့တွေရဲ့ ကျည်ဆန်အစစ် ထိမှန်ခံရတာနဲ့ ချက်ချင်း သွေးပျက်လို့ အလွယ်တကူ လက်မြှောက်စစ်ရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးက‌နေ စစ်အာဏာရှင် တပ်ပျက်ထဲမှာ စုတ်ပြတ်သတ်နေရင်း လူစဉ်မမီတော့တဲ့ လက်ကျန် စစ်ဗိုလ် စစ်သား ရဲသားတွေကို သတင်းပါးချင်တာကတော့ အာဏာရမ္မက်ရူး‌နေတဲ့ စစ်ဗိုလ်ချုပ် အယုတ်တမာ တအုပ်အတွက် အကျိုးမဲ့စွာ အသက်ပေးနေရတဲ့ ဘဝကို အမြန်အဆုံးသတ်နိုင်ဖို့ အခုလို အိမ်နီးချင်းနိုင်ငံတွေထဲ ဝင်ပြေးခိုလှုံလည်း အာဏာရှင်တွေလက်က မလွတ်မြောက်နိုင်ပါဘူး။

အိမ်နီးချင်းနိုင်ငံ အစိုးရဆိုးတွေက မင်းတို့ကို အာဏာရှင်စစ်ဘီလူးတွေထံ ပြန်လည်ပို့ဆောင်ပေးကြပြီး နောက်ထပ် မသေမချင်း ရှေ့တန်းတိုက်ပွဲတွေဆီ ပြန်လွှတ်ပြီး သူတို့အာဏာတည်မြဲအောင်၊ သူတို့စည်းစိမ်ဥစ္စာတွေ ကာကွယ်နိုင်အောင် စတေးခံခိုင်းဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်ပဲ လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ဆက်ရှင်သန်ချင်သေးတယ်၊ ကိုယ့်မိသားစုဘဝလည်း ရေရှည်ကောင်းစားနိုင်ဖို့၊ ပြည်သူလူထုနဲ့အတူ ပူးပေါင်းရပ်တည်ပြီး သမိုင်းသစ်ကို ရေးထိုးနိုင်ဖို့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ရှင်းလင်းပစ်နိုင်ဖို့ ထွက်မပြေးဘဲ စစ်သားစိတ်ပြန်မွေးပြီး မကောင်းဆိုးဝါး စစ်ဗိုလ်ချုပ်တသိုက်ဘက်ကို ကိုယ့်ရဲ့သေနတ်ပြောင်း‌တွေ တညီတညာတည်းလှည့်ပြီး ရင်ဆိုင်ခြင်းသည်သာ တခုတည်းသော အဖြေဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013