DVB Logo
Home
မြန်မာသတင်း
အရွယ်ရောက်ပြီးသူတိုင်းမဖြစ်နေ စစ်မှုထမ်းရမည်ဟု စစ်ခေါင်းဆောင် ဥပဒေထုတ်ပြန်
DVB
·
February 11, 2024
အရွယ်ရောက်ပြီးသူတိုင်းမဖြစ်နေ စစ်မှုထမ်းရမည်ဟု စစ်ခေါင်းဆောင် ဥပဒေထုတ်ပြန်
Donate to DVB

အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းကြဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ  အာဏာသိမ်း စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

အာဏာရှင်ဟောင်း  ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို  အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်ကြောင်း လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  လက်မှတ်ရေးထိုးခဲ့ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားတွေ ပါဝင်ပြီး ကျွမ်းကျင်ပညာရှင်ဖြစ်ပါက အသက် ၄၅ နှစ်အထိ အကျုံးဝင်ကာ အမျိုးသမီးတွေကိုတော့  အသက် ၁၈ နှစ်မှ ၂၇ အရွယ်အထိသတ်မှတ်ထားပြီး ကျွမ်းကျင်ပညာရှင်ဖြစ်ပါက ၃၅နှစ် အရွယ်အထိ အကျုံးဝင်တယ်လို့ တရားလွှတ်တော်ရှေနေတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ဘယ်လိုလူတွေ ကင်းလွတ်လဲဆိုတော့ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ လင်နဲ့ကွဲနေတယ်၊  ဒါပေမဲ့ ကလေးတွေရှိတယ်ဆို အဲဒီအမျိုးသမီးက စစ်မှုမထမ်းရဘူး။ တပ်က ကင်းလွတ်ထားတဲ့သူကလွဲရင် ကျန်တဲ့သူ အကုန် စစ်မှုထမ်းရမှာ။”

စစ်မှုထမ်းဟောင်း ယာယီရွှေ့ဆိုင်းခွင့်ရရှိသူတွေကတော့  ယာယီဆေး အဆင့်နိမ့်နေသူတွေ၊ နိုင်ငံ၀န်ထမ်းတွေ၊ ပညာသင်ကြားနေသူတွေတဲ့ တခြား ပြုစုစောင့်ရှောက်မယ့်မရှိတဲ့ မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူတွေ၊ မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူတွေနဲ့ ထောင်ဒဏ်ကျခံနေရသူတို့ဖြစ်ကြပြီး  စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေကို ထောင်ဒဏ် ၁ နှစ်၊ ၃ နှစ်၊ ၅ နှစ်အထိ အပြစ်ပေးအရေးယူသွားမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် နှစ်စဉ် စစ်မှုထမ်းဖို့ အရွယ်ရောက်သူများစာရင်းကို မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ ပေးပို့ရမှာဖြစ်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ်နဲ့ ဗဟိုအဆင့်အထိ ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး တဦးက  ဒီဗွီဘီ ကိုပြောပါတယ်။

"ရန်ကုန်မှာ ပြည်သူ့စစ်တွေ ဖွဲ့တာရှိတယ်၊ အုပ်ချုပ်ရေးနဲ့ တပ်ထောက်ခံသူက များတယ်။ အခုကတော့ အကုန်မဖြစ်မနေဝင်ရမယ့် အချိန်ဖြစ်လာပြီ။”

စစ်မှုထမ်းကာလကို ပညာသည်တွေအတွက် ၃ နှစ်သတ်မှတ်ထားပြီး  သာမန်လူတွေအတွက် ၂ နှစ်ဖြစ်ကာ အရေးပေါ် အခြေအနေတွေမှာတော့ ဘယ်သူမဆို စစ်မှုထမ်းကာလ ၅ နှစ်အထိ တာ၀န်ထမ်းဆောင်ဖို့အထိ သက်တမ်းတိုးမြှင့်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေမှာ ကျဆုံးဒဏ်ရာရသူတွေ၊ ဖမ်းဆီးခံရသူတွေ၊ လက်နက်ချ အညံ့ခံသူတွေ များလာတဲ့အတွက်  စစ်ကောင်စီက ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ပြည်သူ့စစ်သင်တန်းအတွက် လူစုဆောင်းမှုတွေ ဆက်တိုက် လုပ်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ ရခိုင် ၊ ကရင်နီ၊ ကရင်၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် မြို့နယ်တွေမှာ စစ်စခန်းပေါင်းရာနဲ့ချီကာ သိမ်းဆည်းခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013