DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် ယာဉ်တိုက်မှု ၃ ခုဖြစ်ပြီး လူ ၅ ဦးသေ၊ ၂၅ ဦး ဒဏ်ရာရ 
DVB
·
February 10, 2024
အမြန်လမ်းတွင် ယာဉ်တိုက်မှု ၃ ခုဖြစ်ပြီး လူ ၅ ဦးသေ၊ ၂၅ ဦး ဒဏ်ရာရ 
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၀ ရက်နေ့တို့က ယာဉ် ၅ စီးဆင့်တိုက်တာနဲ့ လမ်းဘေး လမ်းလယ်ကျွန်းကို ဝင်တိုက်တာတို့ကြောင့် လူ ၅ ယောက်သေ၊ ၂၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရေတာရှည်မြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၈/၅ စမိုးစစ်ဆေးရေးဂိတ် အဝင်မှာ ဖေဖော်ဝါရီ ၁၀ ရက် ဒီနေ့မနက်အစောပိုင်းက ယာဉ် ၅ စီး ဆင့်တိုက်ခဲ့တာပါ။

ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကိုမောင်းနှင်လာတဲ့ သစ်ဆန်း ခရီးသည်တင် ကားဟာ အရှိန်မထိန်းနိုင်ဘဲ တိုယိုတာအဖြူရောင်ကားကို အနောက်ကဝင်တိုက်ခဲ့ပြီး ဘေးကိုဆွဲလိုက်တာကြောင့် Super Custom အဖြူရောင်နဲ့ Toyota Caldina တို့ကို ထပ်မံ ဝင်တိုက်ပြီးနောက် ခိုင်မန္တလာခရီးတင်ကားကို ထပ်ဝင်တိုက်ခဲ့ပါတယ်။

ယာဉ် ၅ စီးဆင့်တိုက်မှုကြောင့် သစ်ဆန်းခရီးသည်တင်ကားနဲ့ ခိုင်မန္တလာမင်းကားတို့က ထိခိုက်သေဆုံးတာ မရှိခဲ့ပေမယ့် တိုယိုတာအဖြူရောင်ကားပေါ်က ကိုအောင်မင်းခန့်နဲ့ ဒေါ်အေးအေးဌေး၊ Super Custom ကားပေါ်က ယာဉ်မောင်း ဇေယျာလင်းတို့ သေဆုံးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရတာတွေကတော့ တိုယိုတာအဖြူရောင်ကားပေါ်က အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ Super Custom ပေါ်က အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၂ ဦး၊ Toyota Caldina ပေါ်က အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သာဂရ အမြန်လမ်းမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတယောက်က “ရန်ကုန်ကနေ နေပြည်တော်ဘက်သွားတဲ့ သစ်ဆန်းကားက အရှိန်မထိန်းနိုင်ဘဲ ဆက်တိုက် ဝင်တိုက်လိုက်တာပါ။ ဖြစ်တာက တောင်ငူ-ရေတာရှည်အပိုင် စမိုးစစ်ဆေးရေးဂိတ်မှာ။ လမ်းတဖက်တည်းက ကားတွေပဲတိုက်တာ။ ထိခိုက်မှုအခြေအနေက ၃ ဦးသေပြီး ၁၀ ဦးဒဏ်ရာရတာ။ တိုယိုတာအဖြူရောင်ကားပေါ်က ဒေါ်ညိုတင့်တ‌ယောက်ပဲ စိုးရိမ်ရတာပါ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူတွေနဲ့နဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ဆွာ လူမှုကူညီရေးအသင်း၊ မြို့သစ်လူမှုကူညီရေးအသင်းနဲ့ သာဂရအမြန်လမ်းမီးသတ်ဖွဲ့တို့က တောင်ငူဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့ပါတယ်။

ယာဉ် ၄ စီးကို တိုက်ခဲ့ပြီးနောက် ထွက်ပြေးသွားတဲ့ သစ်ဆန်းခရီးသည်တင်ယာဉ်မောင်း အာကာထက်ကို ပုဒ် ၃၀၄ က၊ ၃၃၈၊ ၃၃၇၊ ၂၇၉၊ ၂၀၂ တို့နဲ့ အမှုဖွင့်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁၇၅ သိန်းရှိခဲ့တယ်လို့ အမြန်လမ်းရဲစခန်းဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမှာ အိမ်စီးကားတစီး အရှိန်မထိန်းနိုင်ဘဲ လမ်းလည်ကျွန်းကို ဝင်တိုက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါလာသူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ ဒိုက်ဦးမြို့နယ် မိုင်တိုင် ၇၀၊ ၄ ဖာလုံနဲ့ ၅ ဖာလုံကြားမှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မှောင်းနှင်လာတဲ့ Suzuki Ertiga အနက်ရောင်ကားဟာ အနောက်ဘယ်ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး နဲ့ ကလေး ၂ ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဥလျှစ်ကုန်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်တယောက်က “ရန်ကုန်ကလာတဲ့ကားက နောက်ဘီး တာယာပွင့်ပြီး လမ်းလယ်ကျွန်းမှာ စိုက်ထားတဲ့ ခရေပင်ကို ဝင်တိုက်ခဲ့တာပါ။ ကားပေါ်မှာပါတဲ့ ကျား ၁ ဦး၊ မ ၃ ဦး၊ ကလေး ၂ ဦးလုံး ထိခိုက်ဒဏ်ရာရတယ်။ စိုးရိမ်ရတာက ၂ ယောက်‌ ယာယီပေါ့နော်။ အခင်းဖြစ်တဲ့ နေရာမှာတော့ ၂ ယောက်ပါ” လို့ ပြောတယ်။

ယာဉ်တိမ်းမှောက်တဲ့နေရာကို ဥလျှစ်ကုန်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တို့နဲ့ အတူ ဥလျှစ်ကုန်း အမြန်လမ်းရဲတပ်ဖွဲ့တို့က သွားရောက်ကူညီခဲ့ပြီး လူနာတွေကို ရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ မြို့ချောင်းတိုက်နယ်ဆေးရုံဆီကို ပို့‌ဆောင်ပေးခဲ့ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ဇန်နဝါရီ ၉ ရက်နေ့က ဘုရားဖူးယာဉ်တစီး လမ်းဘေးအုတ်ကန်ကို ဝင်တိုက်တာကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013