DVB Logo
Home
မြန်မာသတင်း
မူဆယ်နယ်စပ်ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ သန်း ၃၂၀ ကျော် လျော့ကျ
DVB
·
February 10, 2024
မူဆယ်နယ်စပ်ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ သန်း ၃၂၀ ကျော် လျော့ကျ
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း‌ဒေသတွေ  ဖြစ်ပေါ်နေတဲ့ နယ်မြေမတည်ငြိမ်မူတွေကြောင့် အခုနှစ် မူဆယ်နယ်စပ် ပို့ကုန်တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလအောက်  အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော်ထိ လျော့ကျနေတယ်လို့ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက နောက်ဆုံး ထုတ်ပြန်တဲ့ ကုန်သွယ်ရေးစာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ တိုက်ပွဲတွေကြောင့် လားရှိုး-မူ ဆယ်၊ လားရှိုး- ချင်းရွှေဟော် စတဲ့အဓိက ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုကို ပိတ်လိုက်ရတဲ့အတွက် မြန်မာကနေ တရုတ်ကို ကုန်စည် ပို့ဆောင်တာတွေက ရပ်နားထားရတာပါ။

စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့  ကုန်သွယ်ရေးစာရင်းတွေအရ အခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ဆယ်လကျော်အတွင်း မူဆယ်နယ်စပ်ကနေ ပို့ကုန် အမေရိကန်ဒေါ်လာ  ၁ ဒသမ ၄ ဘီလီယံကျော်ဖိုး တင်ပို့ထားပြီး သွင်းကုန်ကို ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်သွင်းထားတာ တွေ့ရပါတယ်။

အဲဒီ ပမာဏက ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ယှဉ်ရင် ပို့ကုန်ပိုင်းမှာ  အမေရိကန်ဒေါ်လာသန်း ၃၂၀ ကျော်ဖိုး လျော့ကျခဲ့ပြီး သွင်းကုန်တင်သွင်းတဲ့အပိုင်းမှာတော့ ဒေါ်လာ ၁၇၅ သန်းကျော် မြင့်တက်လာပါတယ်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်း‌နောက်တခုဖြစ်တဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းကနေ ပို့ကုန်တင်ပို့မူကလည်း ပြီးခဲ့တဲ့နှစ် ကာလတူအောက် အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် လျော့ကျခဲ့ပေမယ့် ချင်းရွှေဟော်၊ ကံပိုက်တည်နဲ့  ကျိုင်းတုံ နယ်စပ်စခန်းတွေကနေ ပို့ကုန်တင်ပို့မူကတော့ ပြီးခဲ့တဲ့နှစ်ထက် အနည်းငယ်ဆီ မြင့်တက်လာတာ တွေ့ရပါတယ်။

မြန်မာဘက်ကနေ တရုတ်နိုင်ငံကို နယ်စပ်ကနေပို့တဲ့ အဓိက ကုန်ပစ္စည်း‌တွေထဲမှာ ဆန်၊ပြောင်း  ပဲ အမျိုးမျိုးအပြင် သစ်သီးဝလံ နဲ့ဂဏန်းတို့၊ ငါးရှဉ့်တို့လို ရေထွက်ကုန်တွေလည်း ပါပါတယ်။

လက်ရှိက မြန်မာကနေ တရုတ်နိုင်ငံကို ဖရဲ၊သခွား သီးနှံ တင်ပို့တဲ့ ရာသီချိန်ဖြစ်ပေမယ့် အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းကနေ ပြောင်းလဲတင်ပို့ပေမယ့်လည်း ပိုကုန်ကျလာတဲ့ တင်ပို့စရိတ်နဲ့ လမ်းခရီးအချိန်ကြန့်ကြာမှုတွေက စိန်ခေါ်မှုတွေ ဖြစ်နေပြန်ပါတယ်။

အလားတူ တရုတ်ဘက်ကို နယ်စပ်ကပြောင်းရောင်းချမှုကလည်း ရပ်သလောက်ဖြစ်နေပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်လာဖို့ မလွယ်ကူသေးဘူးလို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

ပြောင်းလုပ်ငန်းရှင်တဦးက "အဓိကက နယ်စပ်အရောင်း‌တွေ ရပ်ထားရတဲ့အတွက် ပြောင်းဈေးကွက် သိပ်မကောင်းဘူး။ တဖက်မှာလည်း ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒနဲ့ သယ်ယူစရိတ် မြင့်နေတာတွေက ရှိနေသေးတယ်" လို့ မှတ်ချက်ပြုပါတယ်။

စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အထိ တလကျော် ကာလအတွင်းမှာ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးအားလုံးရဲ့ ၉၁ ရာခိုင်နှုန်း ရပ်တန့်သွားပြီး အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၅ သန်း ဆုံးရှုံးခဲ့တယ်လို့ ISP မြန်မာရဲ့ စစ်တမ်းက ဆိုပါတယ်။ 

ပျမ်းမျှ အနေနဲ့ တရက်မှာ အမေရိကန်ဒေါ်လာ ၉ သန်းနီးပါး ဆုံးရှုံးခဲ့ပြီး၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းကနေ အမေရိကန် ဒေါ်လာ ၃၆၆ ဒသမ ၅ သန်း၊ ချင်း ရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ အ မေရိကန်ဒေါ်လာ ၇၉ သန်းကျော် ဆုံးရှုံးခဲ့တယ်လို့ စစ်တမ်းက ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013