DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦး သေဆုံးမှု စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းရန် အေအိုင်ပြော
DVB
·
February 9, 2024
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦး သေဆုံးမှု စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းရန် အေအိုင်ပြော
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာက အရပ်သားပြည်သူတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူ ၁၇ ယောက် သေဆုံးပြီး ဒါကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းဖို့လိုအပ်တယ်လို့ ဗြိတိန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) က ပြောပါတယ်။

အေအိုင်အဖွဲ့ရဲ့ “အကျပ်အတည်း တုံ့ပြန်မှုဆိုင်ရာ အစီအစဉ်” ရဲ့ ဒါရိုက်တာ မက်ထ် ဝဲလ်စ်က “အရပ်သားတွေကို မြန်မာစစ်တပ်က သေစေလောက်တဲ့ တိုက်ခိုက်မှုတွေက ရပ်တန့်မယ့် အရိပ်အယောင် မပြပါဘူး။ မြန်မာစစ်တပ်က ဘုရားကျောင်းတွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေ အပါအဝင် အရပ်သားတွေနဲ့ အရပ်သားတွေနေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား မဆုတ်မနစ် တိုက်ခိုက်နေချိန်မှာ ကမ္ဘာက တခြားဘက်ကို မကြည့်နိုင်ပါဘူး။ အရပ်သားတွေကို နောက်ထပ် ဒီလိုဘေးဒုက္ခတွေက ကာကွယ်နိုင်ဖို့အတွက် ကမ္ဘာတဝန်းက နိုင်ငံတွေ၊ ကုမ္ပဏီတွေက စစ်အုပ်စုဆီ လေယာဉ်ဆီ စီးဆင်းမှုတွေကို ရပ်တန့်ရမှာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံက အခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးကို လွှဲပြောင်းပေးသင့်တယ်။ နိုင်ငံတကာဥပဒေအရ ဒီရာဇဝတ်မှု ကျူးလွန်သူတွေကို တရားမျှတမှု ပေးရမယ်” လို့ ပြောပါတယ်။

ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ ကျူးလွန်ခဲ့ကြတာဖြစ်ပြီး တနင်္ဂနွေ ဘုရားကျောင်း ဝတ်ပြုပွဲရှိတဲ့အချိန် အရပ်သားပြည်သူတွေ စည်ကားနေတဲ့ ရပ်ရွာအပေါ်ကို အကြမ်းဖက်စစ်အုပ်စုက ဖျက်အားပြင်းဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အဆိုပါကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိစေမယ့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနဲ့ တနိုင်ငံချင်း တရားစွဲဆို အရေးယူနိုင်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်အားထုတ် လုပ်ဆောင်ကြဖို့ တောင်းဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာအားလုံးမှာ ပိုမို ရှုံးနိမ့်လာတာနဲ့အမျှ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေ အသုံးပြုပြီး ပိုမိုတိုးမြှင့် အကြမ်းဖက် သတ်ဖြတ်လာတာကိုလည်း သက်သေအထောက်အထား အများအပြား ရရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ရဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (5 Points Consensus)၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ (UN Security Council Resolution 2669) တို့ကိုလည်း လုံးဝ လေးစားလိုက်နာမှု မရှိတဲ့အပြင် ကလေးသူငယ်တွေကို သတ်ဖြတ်တာ၊ ထိခိုက်ဒဏ်ရာရစေတာတွေ၊ ရပ်ရွာ၊ ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ကျုူးလွန်နေတယ်လို့ ဆိုပါတယ်။

အဆိုပါကျူးလွန်မှုတွေထဲ ပါဝင်တဲ့ အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက်ပြုသူနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို NUG အစိုးရအနေနဲ့ ပြည်တွင်း တရားစီရင်ရေးစနစ်နဲ့ ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချနိုင်ရေး အားထုတ်ဆောင်ရွက်သွားမယ် လို့လည်း ပြောထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ၂၆၆၉ (UN Security Council Resolution 2669) နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်တပ်အပေါ် ပိုမိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ လေယာဥ်ဆီ အပါအဝင် လက်နက်ခဲယမ်း တင်ပို့ရောင်းချတာကို ပိတ်ဆို့မှုတို့ ပါဝင်တဲ့ ဆုံးဖြတ်ချက်အသစ်နဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၃ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သလို လတ်တလောမှာတော့ အာဏာသိမ်း စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Photo-Amnesty International

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013