DVB Logo
Home
မြန်မာသတင်း
ရနောင်း-ကော့သောင်း လုပ်ငန်းရှင်သူဌေးကြီးအား မြန်မာကပါ ဖမ်းဝရမ်းထုတ် 
DVB
·
February 9, 2024
ရနောင်း-ကော့သောင်း လုပ်ငန်းရှင်သူဌေးကြီးအား မြန်မာကပါ ဖမ်းဝရမ်းထုတ် 
Donate to DVB

ထိုင်းမြန်မာနယ်စပ် ရနောင်းနဲ့ကော့သောင်းမှာ အခြေပြုပြီး တရားမဝင်ထီလုပ်ငန်း၊  စက်သုံးဆီ လုပ်ငန်းနဲ့ ကာစီနိုတွေလုပ်နေတဲ့ လုပ်ငန်းရှင်သူဌေးကြီး ကိုဖု ခေါ်  နိုင်းဆငါ ကန်းဝမ်း ခေါ် ဦးကျော်လွင်ကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI က ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက် မြန်မာ အာဏာပိုင်တွေကလည်း ဖေဖော်ဝါရီ ၇ ရက် နေ့စွဲနဲ့ ဖမ်းဝရမ်း ထပ်မံထုတ်ပြန်လိုက်ပါတယ်။ 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ပိတောက်လမ်း အမှတ် ၂၅၀ နေ ဦးကျော်လွင် (ဘ) ဦးအလီဟာ တရားမဝင်အွန်လိုင်းလောင်းကစားမှုတွေပြုလုပ်တာ၊ တရားမဝင်ငွေတွေကို အသွင်ပြောင်းတာ၊  ဖုံးကွယ်တာတွေလုပ်တယ်လို့ သံသယဖြစ်ဖွယ်ရာ တွေ့ ရှိရတဲ့အတွက် သူ့ကို ဥပဒေအရအရေးယူဖို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ ကော့သောင်းခရိုင်က ဖမ်းဝရမ်းထုတ်ဆင့်ထားတယ်လို့ ဖေဖော်ဝါရီ ၈ ရက်ထုတ် စစ်ကောင်စီပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ 

အဆိုပါ ဦးကျော်လွင်ဆိုသူမှာ ထိုင်း DSI က ဝရမ်းထုတ်ထားတဲ့ ကိုဖု ခေါ် နိုင်းဆငါ ဆိုသူနဲ့ တဦးတည်းဖြစ်ပြီး  ကော့သောင်းဇာတိဖြစ်ကြောင်း၊ ကော့သောင်းက နာမည်ကြီး သူ‌ဌေးကျွန်းကို ငှားရမ်းထားပြီး Grand Andaman Hotel ကို တည်ဆောက်ဖွင့်လှစ်ထားတဲ့အပြင် ကျွန်းပေါ်က ကာစီနိုလုပ်ငန်း၊ အပန်းဖြေစခန်း၊ ခရီးသွားလုပ်ငန်းတွေပါ ဖွင့်လှစ်ထားတယ်လို့ အမည်မ ဖော်လိုသူ ကော့သောင်းဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်သိရသလောက်ဆိုရင်တော့ ဦးကျော်လွင်ဟာ အသက် ၅၀ ကျော် ၆၀ နီးပါးရှိပြီး ကော့သောင်းဇာတိ  ရန်ကုန်မှာကျောင်းသွားတက်တယ်။ သူ့မိဘတွေက တရုတ်နွယ်ဖွားသာမန် ကုန်သည်တွေပါ။ သူကကျောင်းပြီးတော့ စီးပွားရေးလုပ်တယ်၊ ကော့သောင်းက ထိုင်းနယ်စပ်မြို့ ဆိုတော့ နှစ်နိုင်ငံကြားကုန်ကူးတယ်။ စင်ကာပူနိုင်ငံက စက်သုံးဆီဝယ်ပြီး မြန်မာပြည်ကို တင် သွင်းတယ်၊ ငါးဖမ်းလှေလုပ်ငန်းတွေလုပ်တယ်။ ဒီ ၁၀ နှစ်နောက်ပိုင်းမှာ တော်တော် ချမ်းသာလာပါတယ်။ ထိုင်းက ငှားထားတဲ့ သူဌေးကျွန်းကို သူကပြန်ပြီးငှားတယ်။ သူ့မှာ စက်လှေတွေလည်း အများကြီးပိုင်တယ်။ သူဌေးကျွန်း အပန်းဖြေစခန်းမှာ ခရီးသွားတွေ တောထဲ လည်ပတ်စီးတဲ့ ဆိုင်ကယ်တွေ၊ ရေထဲလည်ပတ်စီးတဲ့ စပိဘုတ်တွေလည်း ပိုင်တယ်။ သူက ထိုင်းစာနဲ့ ထိုင်းစကားလည်းကျွမ်းတယ်။ ပိုက်ဆံလည်းချမ်းသာတော့ ထိုင်းမှတ်ပုံတင်ပါရတာပေါ့။ ထိုင်းမှတ်ပုံတင်ရတာတော့ ၁၀ နှစ် လောက်ပဲ ရှိသေးတယ်လို့ ကြားတယ်။”

ဦးကျော်လွင်မှာ အလှူအတန်းရက်ရောပြီး ကော့သောင်းဆေးရုံကြီးကို ဆောက်လုပ် လှူဒါန်းပေးခဲ့ကြောင်း၊  ရနောင်း နဲ့ ကော့သောင်း နှစ်ဘက်နိုင်ငံ အာဏာပိုင်တွေနဲ့ ပြေလည် အောင် ပေါင်းသင်းဆက်ဆံတတ်တယ်။  သူဌေးကျွန်းပေါ်မှာလည်း ထိုင်း၊  ဖိလစ်ပိုင် စတဲ့ နိုင် ငံခြားသားတွေပါ ခန့်ထားတယ်။  သူ့လုပ်ငန်းတွေ တရားဝင်လား မဝင်ဘူးလားဆိုတာ မသိရပေမယ့် ကော့သောင်းက  လူပေါင်း ၃၀၀၀  ကျော်ကို အလုပ်အကိုင်ပေးထားတာကြောင့် သူ အခုလို အမှုအခင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ  ဝန်ထမ်းနဲ့အလုပ်သမားတွေ အလုပ်ပြုတ်မယ့်အရေး စိုးရိမ်ပူပန်နေကြတယ်လို့  ကော့သောင်းဒေသခံက ပြောသွားပါတယ်။ 

ထိုင်းသတင်းတွေမှာတော့ ကိုဖု ခေါ် နိုင်းဆငါ ဆိုသူမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံ နိုင်ငံသားလက်မှတ်ကိုင်ဆောင်ပြီး  မသမာတဲ့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း၊  တရားမဝင် အွန်လိုင်း ထီရောင်းချခြင်း စတာတွေကြောင့် DSI က စာရွက်စာတမ်းတုပမှု၊ တရားမဝင် လောင်းကစားမှု၊ ငွေကြေးခဝါချမှုတွေနဲ့  သူနဲ့တကွ အပေါင်းပါ ၁၈ ဦးကို  ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်နေ့စွဲနဲ့ ဖမ်းဝရမ်းထုတ်ပြီး သူ့ရဲ့ ရနောင်းအိမ်က ပိုင်ဆိုင်မှုပေါင်း ဘတ်သန်းပေါင်း ၅၀၀ ‌ကျော်ကို သိမ်းဆည်းထားတယ်လို့  ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013