DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ထိုင်းအမည်ခံ နိုင်ငံခြားကုမ္ပဏီနှင့် လုပ်ငန်းရှင်များအား စစ်ဆေး အရေးယူ
DVB
·
July 20, 2026
Photo: cmprice
Photo: cmprice
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၇ ယောက် အပါအဝင် ထိုင်းအမည်ခံထားတဲ့ နိုင်ငံခြားသားကုမ္ပဏီနဲ့ လုပ်ငန်းရှင်တွေ လိုက်လံစစ်ဆေးအရေးယူခဲ့တယ်လို့ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့က  ဇူလိုင် ၂၀ ရက် ဒီမနက်ပိုင်းမှာ ထုတ်ပြန် ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေဟာကွက်တွေကို အသုံးချပြီး အကျိုးအမြတ်ရှာဖွေနေတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး၊ နိုင်ငံတော်ရဲ့ စီးပွားရေးစနစ်နဲ့ ကုန်သွယ်မှု အပြိုင်အဆိုင်တွေကို ကာကွယ်ရေးအတွက် စီမံချက်တွေ ချမှတ်ပြီး နှိမ်နင်းနေတာမှာ ဇူလိုင် ၂၀ ရက်မှာလည်း  ချင်းမိုင်ခရိုင်ထဲက တရားမဝင် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် အမည်ခံ ကွန်ရက်တွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆာမ်ရန်း နွန်းမားက သတင်းထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင်က တာဝန်ရှိသူတွေဟာ ချင်းမိုင်ခရိုင်ရှိ ကုမ္ပဏီပေါင်း ၃၃,၁၄၄ ခုကို စစ်ဆေးခဲ့တယ်၊ အဲဒီထဲမှာ နိုင်ငံခြားသားတွေပါတဲ့ ကုမ္ပဏီပေါင်း ၄,၇၄၁ ခုရှိပြီး ၁,၅၉၁ ခုမှာ အမည်ခံကုမ္ပဏီလို့ သံသယဖြစ်ဖွယ်တွေ့ရှိတယ်၊ ဒါဟာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပ‌ဒေချိုးဖောက်ရာ ရောက်တာကြောင့် တရားရုံးအမိန့်စာနဲ့ ထိုင်းရော နိုင်ငံခြားသားပါ လူ ၂၂ ယောက်ကို ဖမ်းဝရမ်းထုတ်ပြီး နေရာပေါင်း ၁၈ နေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးတဲ့အဖွဲ့ထဲမှာ တိုင်းဒေသအမှတ် ၅ ရဲဌာနချုပ်၊ နယ်မြေခံရဲ၊ ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့၊ နယ်မြေခံအုပ်ချုပ်ရေးဌာန၊ မြေစာရင်းဌာနစတဲ့ အဖွဲ့စုံက တာဝန်ရှိသူ အင်အား ၂၅၀ ကျော် ပါဝင်တယ်။

ဖမ်းဝရမ်းထုတ်ခံရသူ ၂၂ ယောက်မှာ ထိုင်းနိုင်ငံသား ၂ ယောက်၊ မြန်မာ ၇ ယောက်၊ အိန္ဒိယ ၃ ယောက်၊ ဗြိတိန် ၁ ယောက်၊ တရုတ် ၉ ယောက်တို့ ပါဝင်ပြီး သူတို့ဟာ ဘတ်သန်းပေါင်း ၆၃၃ သန်း တန်ဖိုးရှိ မြေကွက်တွေကို ထိုင်းလူမျိုး အမည်ခံနဲ့ ဝယ်ယူပိုင်ဆိုင်ထားကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့ စစ်ဆေးချက်အရ မြန်မာနိုင်ငံသား ၃ ယောက်၊ အိန္ဒိယနိုင်ငံသား ၂ ယောက်၊ တရုတ်နိုင်ငံသား ၂ ယောက်နဲ့ ထိုင်း ၁ ယောက် စုစုပေါင်း ၈ ယောက်ကိုသာ ဖမ်းဆီးရမိသေးတယ်။

အရေးပါတဲ့ အမှုတခု သာဓကမှာ ချင်းမိုင်ခရိုင်၊ ဆာရပီးမြို့နယ်၊ ချိုင်းယဆထန်ရပ်ကွက် နယ်မြေ ၈ ရှိ K-12 အိမ်ရာစီမံကိန်းဖြစ်တယ်၊ အဲဒီထဲမှာ အမည်ခံ နိုင်ငံခြားသားကုမ္ပဏီ ၄ ခု ပါဝင်တယ်။

ထိုင်းလူမျိုးအမည်နဲ့ တရားဝင် မှတ်ပုံတင်ထားပေမဲ့လည်း သူတို့ထဲက တချို့က တခြားအမှုနဲ့ ထောင်ထဲမှာ၊ တချို့က မိမိမှာ ကုမ္ပဏီပိုင်ရှင်ဖြစ်မှန်း ကိုယ့်ကိုယ်ကိုယ် မသိရဘူး၊ ခင်မင်ရင်းနှီးသူ တချို့ကိုတော့ အမျိုးသားမှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမိတ္တူ ပေးခဲ့ဖူးတယ်၊ ရွှေ့ပြောင်းလုပ်သား အလုပ်ရှင်အဖြစ် လုပ်ခဲ့တယ်၊ ဒါပေမဲ့ အခု အဲဒီအလုပ်သမား အလုပ်ထွက်သွားပြီ၊ နောက်အမည် ခံတယောက်ကတော့ အမျိုးသားမှတ်ပုံတင် အသုံးပြုခွင့်ပေးပြီး ကုမ္ပဏီပိုင်ရှင်အဖြစ် လက်မှတ်ထိုးပေးခ တလကို ဘတ် ၇,၀၀၀ ရရှိကြောင်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးရဲ့ အဓိကရည်ရွယ်ချက်ဟာ နိုင်ငံခြားခရီးသွားဧည့်သည် အလာများတဲ့ ချင်းမိုင်၊ ဖူးကက်၊ စူရတ်ဌာနီ၊ ကရပီ၊ ဖန်င၊ ချွန်းပူးရီး စတဲ့ဒေသက ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေ ဥပဒေနဲ့ ညီညွတ်ရေး၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတို့ရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုမှ ကာကွယ်ရေးနဲ့ ထိုင်းပြည်သူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို သမာအာဇီဝ လုပ်ကိုင်ပြီး ဝင်ငွေရစေဖို့ ဖြစ်တယ်။

ဒါ့အပြင် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး နိုင်ငံခြားသားတွေအနေနဲ့ ဥပဒေနဲ့အညီ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင်ဖို့ အသိပညာပေးပြီး အခွင့်အလမ်းဖွင့်ပေးသွားမယ်၊ နိုင်ငံ့စီးပွားရေးစနစ် ထိခိုက်စေရုံတင်မကဘဲ တရားစီရင်ရေးစနစ်ပေါ် ယုံကြည်မှုပျက်ပြားစေတဲ့ အစိုးရဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှု ပြဿနာတွေကိုပါ နှိမ်နင်းသွားမယ်လို့ ဒုရဲချုပ်ကြီးက ပြောသွားပါတယ်။

Source: Chiangmai News / cmprice.com

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013