DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင်ရဲချုပ်ဟောင်း ဒယ်လာရိုဆာ ICC ဖမ်းဝရမ်းထုတ်ခံရ  
DVB
·
May 12, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲကို အဓိက ကြီးကြပ်သူ ရဲချုပ်ဟောင်း ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် ရော်နယ်ဒယ်လာရိုဆာဟာ မေ ၁၁ ရက်မှာ ဥပဒေစိုးမိုးရေးအေးဂျင့်တွေနဲ့ ထိပ်တိုက်တွေ့ပြီးတဲ့နောက် အထက်လွှတ်တော်ရဲ့ အကာအကွယ်အောက်မှာ သူ့ကို ထားခဲ့ရပါတယ်။

ဒယ်လာရိုဆာဟာ အထက်လွှတ်တော်ကို မနေ့ကလာရောက်ချိန်မှာ ဖိလစ်ပိုင် အမျိုးသား စုံစမ်းစစ်ဆေးရေးဌာန (NBI) အေးဂျင့်တွေက သူ့ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တာကြောင့် လွှတ်တော်ခန်းမထဲကို ပြေးဝင်ပြီး လွှတ်တော်အမတ်တွေရဲ့ အကာအကွယ်ကို ယူခဲ့ပါတယ်။

အထက်လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ကို အသွားအလာပိတ်ပင်ကန့်သတ် Lockdown ချလိုက်ပြီး ဒယ်လာရိုဆာကို အကာအကွယ်ပေးထားခဲ့ကာ ဖိလစ်ပိုင်တရားရုံးက ထုတ်တဲ့ ဝရမ်းဖြစ်မှသာ ဖမ်းဆီးခွင့်ပြုမယ်လို့ ပြောဆိုထားပါတယ်။

ဒူတာတေးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုအောက်မှာ ထောင်ပေါင်းများစွာသော သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ရဲချုပ်ဟောင်း ဒယ်လာရိုဆာအတွက် ICC က ဖမ်းဝရမ်းထုတ်မယ်ဆိုတဲ့ မီဒီယာသတင်းတွေကြားမှာ ခုလိုလှုပ်ရှားမှု ပေါ်ပေါက်လာတာပါ။

၂၀၁၆ မှ ၂၀၂၂ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒူတာတေးဟာ ၂၀၂၅ ခုနှစ် မတ်လမှာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းတာကို ခံခဲ့ရပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဆီ ခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။

ICC တရားသူကြီးတွေက ပြီးခဲ့တဲ့လက ဒူတာတေးကို ရုံးတင်စစ်ဆေးရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့အပေါ် လူသတ်မှုစွဲချက်တွေကိုလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် အတည်ပြုခဲ့ပြီး ရုံးတင်စစ်ဆေးဖို့ လမ်းခင်းပေးခဲ့ပါတယ်။

ဒူတာတေးအမှုမှာ ပူးပေါင်းကြံစည်သူအဖြစ် ICC ရှေ့နေတွေက ဖော်ပြထားတဲ့ ဒယ်လာရိုဆာဟာ နိုဝင်ဘာလမှာ အများပြည်သူမြင်ကွင်းကနေ ပျောက်ကွယ်သွားပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် တနင်္လာနေ့မှာ အထက်လွှတ်တော်အစည်းအဝေးကို လာတက်တာကို တွေ့ခဲ့ပါတယ်။

သူကတော့ အရင်က တရားမဝင်သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲမှာ သူ့ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ICC တရားရုံးက  စွပ်စွဲချက်တွေကို ရင်ဆိုင်ဖို့ ဒယ်လာရိုဆာဟာ ဒူတာတေးနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ထင်ကြေးတွေလည်း တိုးပွားလာနေပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူနဲ့ သုံးစွဲသူလို့ စွပ်စွဲခံရသူ ထောင်ပေါင်းများစွာဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေတွေမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒူတာတေးက အများပြည်သူရှေ့မှာပြောတဲ့ မိန့်ခွန်းတွေထဲမှာ လူထောင်ပေါင်းများစွာကို သတ်ပစ်မယ်လို့ ကတိပေးခဲ့ဖူးပါတယ်။

သူ့ကို ကာကွယ်သူတွေက သူဟာ အပြစ်ကင်းစင်တယ်လို့ အခိုင်အမာပြောဆိုပြီး သူ့စကားတွေက ဥပဒေအပေါ် ကြောက်ရွံ့လေးစားအောင်လုပ်ဖို့ ရည်ရွယ်တာလို့ ခုခံ လျှောက်လဲပေးခဲ့ကြပါတယ်။  

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013