DVB Logo
Home
နိုင်ငံတကာ
ဆေးခြောက်သုံးစွဲမှုဥပဒေ ပြန်လည်ပြင်ဆင်ရန် ထိုင်းအစိုးရထံ တောင်းဆို  
DVB
·
February 9, 2024
ဆေးခြောက်သုံးစွဲမှုဥပဒေ ပြန်လည်ပြင်ဆင်ရန် ထိုင်းအစိုးရထံ တောင်းဆို  
Donate to DVB

ဆေးခြောက်ကို တရားဝင်ရောင်းဝယ် သုံးစွဲခွင့်ပြုထားတဲ့ ထိုင်းနိုင်ငံမှာ လူငယ်တွေသာမက ကျောင်းသားကလေးငယ်တွေကြားမှာပါ ဆေးခြောက်ဆုံးစွဲမှု မြင့်တက်လာလို့ နောက်ဆက်တွဲ လူမှုရေးပြဿနာတွေ ဖြစ်လာတာကြောင့် ဆေးခြောက်သုံးစွဲမှုဥပဒေကို ပြန်လည်ပြင်ဆင်ဖို့  ထိုင်းအစိုးရထံ တောင်းဆိုမှုတွေ ရှိလာနေပါတယ်။  

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ပြီး လွတ်လပ်စွာ စိုက်ပျိုးရောင်းဝယ်ခွင့်ပြုလိုက်တဲ့နောက် လူငယ်တွေကြား ဆေးခြောက်သုံးစွဲမှု ပိုများလာကာ လူမှုဝန်းကျင်မှာလည်း နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတာပါ။ 

အထူးသဖြင့် လူငယ်ဆယ်ကျော်သက်တွေကြားမှာ ဆေးခြောက်သုံးစွဲမှုနှုန်း ၁၀ ဆ တိုးပွား လာကြောင်း၊  နိုင်ငံတကာနဲ့ လက်တွဲပြီး မူးယစ်ဆေးတိုက်ဖျက်ဖို့အတွက် ဆေးခြောက်ကို  ဆေးဝါးနဲ့ ကျန်းမာရေးကိစ္စကလွဲလို့ တခြားကိစ္စမှာ သုံးစွဲခွင့်မပြုသင့်၊‌ စီးပွားရေးအတွက် အသုံးမပြုသင့်လို့ အစိုးရအနေနဲ့ ဥပဒေပြင်ဆင်ဖို့ တိုက်တွန်းစာပေးပို့ထားကြောင်း ထိုင်းတရားရေးဝန်ကြီး ဗိုလ်မှူးကြီး ထဝီး ဆုပ်ဆောင်က သတင်းထောက်တွေကို ပြောပါတယ်။ 

“နိုင်ငံတကာမှာတော့ ဆေးခြောက်အပွင့်ရော အကိုင်းအခက်တွေပါ မူးယစ်ဆေးစာရင်း ဝင်တယ်၊ ထိုင်းနိုင်ငံဟာ တနိုင်ငံတည်း ထီးတည်းနေတာမဟုတ်ဘူး။ မူးယစ်ဆေးဝါး တိုက်ဖျက်မယ်ဆိုရင် ဥပမာ ရွှေတြိဂံဒေသဟာ မူးယစ်ဆေးထွက်တယ်လို့ ပြောရင် ထိုင်းနိုင်ငံကလည်း ဆေးခြောက်ထုတ်လုပ်တယ် မဟုတ်လားလို့ ပြန်မေးရင် ဘယ်လိုပြန်ပြောရမလဲမသိဘူး။ ကုသရေးဘက်က စာရင်းဇယားတွေအရ လူငယ်တွေကြား ဆေးခြောက်သုံးတဲ့နှုန်းက ၁၀ ဆ တိုးလာတယ်။ ဒါကြောင့် ဆေးခြောက်ကို ကျန်းမာရေးနဲ့ ဆေးပညာအတွက်ကလွဲလို့ ကျန်တဲ့နေရာတွေမှာ အသုံးမပြုသင့်ပါဘူး။ စီးပွားရေးအတွက်လည်း အသုံးမပြုသင့်ဘူး၊ အန္တရာယ်ရှိတယ်။  ဥပဒေပြင်ဆင်ပြဋ္ဌာန်းဖို့ တရားရေးဌာနအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနကို စာပို့ထားပါတယ်။” 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းကျန်းမာရေးဝန်ကြီး ဒေါက်တာချွန်းလ်နန့် ဆီကယောက်ကတော့ တရားရေးဌာနကပေးပို့တဲ့စာ သူ့ဆီရောက်မလာသေးကြောင်၊ ဒါပေမဲ့ ဥပဒေပြင်ဆင်ဖို့ တိုင်ကြားစာတွေ အများကြီးရောက်လာတယ်၊ ဆေးခြောက်ကင်းလွတ်ခွင့်ပြုလိုက်တဲ့အတွက် နောက်ဆက်တွဲပြဿနာတွေ ရှိနေတာကို သူ့အနေနဲ့ သိရှိတယ်၊ ဥပဒေမူကြမ်းကိုလည်း ရေး ဆွဲပြီးပါပြီ၊ လာမယ့်အပတ် အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြမယ်လို့  သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါ ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းမှာ ပုဒ်မ ၁၀ ခုနဲ့ အပိုဒ်ခွဲ ၇၆ ခုရှိပြီး အဲဒီထဲမှာ ကော်မတီရေးရာ၊  ခွင့်ပြုချက်တောင်းခံတာ၊ ထုတ်လုပ်တာ၊ တင်ပို့ရောင်းချတာ၊ ခွင့်ပြုချက်ပမာဏ၊ လွဲမှားစွာအသုံးပြုတာ စသဖြင့် ပါဝင်တယ်။  အဓိကရည်ရွယ်ချက်က သုံးစွဲတဲ့ ပြည်သူနဲ့ တဆင့်ခံ သက်ရောက်တဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီလို ဥပဒေပြင်ဆင်ပြဋ္ဌာန်းလိုက်တော့ ဆေးခြောက်ကင်းလွတ်ခွင့်ဥပဒေအဆိုပြုခဲ့တဲ့ ဖုမ်းကျိုင်းထိုင်းပါတီနဲ့ ပြဿနာမဖြစ်နိုင်ဘူးလားလို့ သတင်းထောက်က မေးရာမှာ ဒေါက်တာ ချွန်းလ်နန့်က  ပြည်သူတွေအကျိုးအတွက် ဆောင်ရွက်တာဖြစ်လို့ ညှိနှိုင်းဆောင်ရွက်လို့ရမယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။

ဖုမ်းကျိုင်းထိုင်းပါတီခေါင်းဆောင် အနုထင်းချန်းဝီရကွန်း  မှာ ယခင်အစိုးရလက်ထက်က ကျန်းမာရေးဝန်ကြီးဖြစ်ခဲ့ပြီး လက်ရှိ ပြည်ထဲရေးဝန်ကြီး ဖြစ်ပါတယ်။  

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းက ပယ်ဖျက်လိုက်တာကြောင့် လူငယ်လူရွယ် ကျောင်းသူကျောင်းသားလေးတွေဟာ ဆေးခြောက်ပါတဲ့ ဖျော်ရည်တွေ၊ မုန့်ပဲသရေစာတွေ ဝယ်ယူစားသုံးရာက စွဲလမ်းပြီး တချို့ကလေးတွေက မရောင့်ရဲတော့ဘဲ ဆေးခြောက်သက်သက်ကိုပါ သုံးစွဲလာတယ်လို့ ချနယ်လ် ၇ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဆေးခြောက်ဟာ နိုင်ငံတကာမှာတော့ မူးယစ်ဆေးဝါးစာရင်းဝင်နေဆဲမို့ အဲဒါကို သတိမမူဘဲ ထိုင်းကနေ နိုင်ငံခြားကို ဆေးခြောက်သယ်ဆောင်သွားမိသူတွေဟာ ရောက်ရှိနိုင်ငံမှာ မူးယစ်မှုနဲ့ ဖမ်းဆီးအရေးယူခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘန်ကောက်မှာ လုပ်သွားတဲ့ Coldplay တေးဂီတဖျော်ဖြေပွဲမှာ ပွဲခင်းထဲ ဆေးခြောက်အခိုးအ‌ငွေ့တွေ ပြန့်လွှင့်နေလို့ ပွဲကြည့်ရာမှာ အနှောင့်အယှက်ဖြစ်ရကြောင်း၊ ပွဲခင်းကနေ ရေအိမ်ဘက်ရှောင်လာတော့လည်း ရေအိမ်ထဲမှာပါ ဆေးခြောက်နံ့တွေ ရနေပြန်တယ်၊ ဆေးခြောက်ကို လူတိုင်းမကြိုက်ဘူးဆိုတာ သိစေချင်တယ်၊ ပွဲခင်းထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ရှိနေတယ်၊ ဒီဥပ‌ဒေကို ပြန်ပြီးသုံးသပ်ပြင်ဆင်သင့်တယ်လို့ ထိုင်းအနုပညာရှင်တဦးဖြစ်တဲ့ ဂေါက်ပတာ ဆိုသူက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ 

အဆိုပါပို့စ်အောက်မှာလည်း ဆေးခြောက်ကင်းလွတ်ခွင့်ပေးခြင်းကို ဝိုင်းဝန်းဝေဖန်နေကြသလို  ဆေးခြောက်ကြောင့် စီးပွား‌ရေးပြေလည်သွားသူတွေကတော့ ဥပဒေပြင်မှာကို သဘောမတူဘဲ  အကျိုးနဲ့အပြစ်ဟာ သုံးစွဲသူပေါ်မှာပဲ မူတည်တယ်လို့ ပြောဆိုနေကြပါတယ်။ 

Photo-DVB/ Source:MGR Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013