DVB Logo
Home
မြန်မာသတင်း
မန္တလေး အောင်မြေသာစံနှင့် အမရပူရတွင်  မီးလောင်
DVB
·
February 9, 2024
မန္တလေး အောင်မြေသာစံနှင့် အမရပူရတွင်  မီးလောင်
Donate to DVB

မန္တလေး၊ အောင်မြေသာစံမြို့နယ်နဲ့ အမရပူရမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၉ ရက် မနက်အစောပိုင်းက မီးလောင်ခဲ့ပြီး  တိုက်ခန်း ၁ ခန်းနဲ့ နှစ်ထပ်အိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

အောင်မြေသာစံမြို့နယ်၊ ၈၃လမ်း၊ (၂၂ x ၂၃) လမ်းကြားရှိ ၇ ထပ်တိုက် ၅ လွှာမှာ ဖွင့်ထားတဲ့ Black Panther ဖုန်းအပိုပစ္စည်းအရောင်းဂိုထောင်မှာ မနက်အစောပိုင်း ၁ နာရီ မိနစ် ၄၀ လောက်က မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

အောင်မြေသာစံမြို့ခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “အောက်ထပ်ကတော့ ဖုန်း phone cover တွေ ရောင်းတယ်။ လောင်တဲ့အထပ်က ပစ္စည်းတွေထားတာ။ သုံးထပ်လုံးတော့ မဟုတ်ပါဘူး၊ တခန်းပဲလောင်တာ။ လောင်တဲ့အခန်းက လူတော့မတွေ့ဘူး။ ငြှိမ်းတဲ့နေရာမှာ အခက်အခဲက phone cover တွေက အခန်းထဲပိတ်နေတာ တော်တော်နဲ့ မငြိမ်းဘူး၊ အခန်းကလည်း ပိတ်ထားတော့ ရိုက်ဖွင့်ပြီး ပစ္စည်းတွေဖယ်လိုက်မှ ငြှိမ်းလို့ရတာ။ မီးသတ်က ဘေးတိုက်ကနေ ကရိန်းပါတဲ့ အထပ်မြင့်သုံး မီးငြှိမ်းသတ်စက်နဲ့ပါ ငြှိမ်းရတာပါ” လို့ ပြောပါတယ်။

မီးလောင်မှုနေရာကို အောင်မြေသာစံမြို့နယ်မီးသတ်နဲ့ အရပ်ဘက်အသင်းတွေက လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်တဲ့နေရာက အထပ်မြင့်တိုက်ဖြစ်တဲ့အပြင် မီးတောက်အား ကောင်းနေတာကြောင့် Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်တွေ ထပ်မံ လာရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။

မီးလောင်မှုကြောင့် ၃ လွှာရှိ ဂိုထောင်တခန်းလုံးနဲ့ ဖုန်း အပိုပစ္စည်းတွေအားလုံး ပျက်စီးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။

ပျက်စီးမှုတန်ဖိုး အသေးစိတ်နဲ့ မီးလောင်ရတဲ့ အကြောင်းအရင်းကို တိုင်းမီးသတ်က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မနက် ၃နာရီ မိနစ် ၄၀ လောက်မှာ မီးထိန်းနိုင်ကာ မနက် ၄ နာရီ ၂၁ မိနစ်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြပါတယ်။

အမရပူရမြို့နယ်၊ လေးစုတိုက်နယ်၊ ကံ‌တော်ရပ်မှာလည်း  မနက်အစောပိုင်း ၂ နာရီ မိနစ် ၄၀ လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နှစ်ထပ်အိမ် ၁ လုံး မီးလောင်ပျက်စီးသွားကာ ဆိုင်ခန်း ၁ ခန်း၊ သမဝါယမ အသင်းတိုက်ဟောင်းနေရာနဲ့ လက်ဖက်ရည်ဆိုင်နေရာတို့မှာ မီးကူးစက်ခံရမှု အနည်းငယ်ရှိခဲ့ပါတယ်။

မီးလောင်မှုနေရာကို အမရပူရမြို့နယ်မီးသတ်က မီးသတ်ယာဉ်၊ ရေသယ်ယာဉ်တွေနဲ့ အရပ်ဘက်အသင်းတွေက ထွက်ခွာငြှိမ်းသတ်ခဲ့ကြပြီး မနက် ၃ နာရီ ၆ မိနစ်လောက်မှာ မီးထိန်းနိုင်ကာ မနက် ၃ နာရီ ၁၃ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

အမရပူရမြို့ခံတဦးက “စာအုပ်အငှားဆိုင်အဟောင်းအိမ်က အကုန်လုံးလောင်တာ။ လက်ဖက်ရည်ဆိုင်ရယ်၊ သမဝါယမနေရာရယ်၊ ဆိုင်လေး တဆိုင်ကတော့ မီးကူးစက်ရုံလောက်ပဲ။ စတင်လောင်တဲ့အိမ် နှစ်ထပ်အိမ်ပါ။ ပြာကျတဲ့အထိ လောင်သွားတာ” လို့ ပြောပါတယ်။

အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပြီး ပျက်စီးမှုတန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းအရင်းကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ- မန္တလေးတိုင်းမီးသတ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013