DVB Logo
Home
မြန်မာသတင်း
ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားရှိ စစ်ကောင်စီတပ်ရင်းများကို အေအေ သိမ်းပိုက်
DVB
·
February 8, 2024
ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားရှိ စစ်ကောင်စီတပ်ရင်းများကို အေအေ သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ် ၃ ခုမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေ အားလုံးကို ရက္ခိုင့်တပ်တော် (အေအေ) က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ဖေဖော်ဝါရီ ၇ ရက် ညမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အေအေအနေနဲ့ တလကျော်အကြာ ထိုးစစ်ဆင်အပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦး မြို့ ၃ မြို့က စစ်ကောင်စီတပ်စခန်း အားလုံးထဲက မြောက်ဦး ရဲတပ်ရင်း ၃၁ ကလွဲပြီး စခန်းအားလုံးကို ဖေဖော်ဝါရီ ၇ ရက်မှာ သိမ်းပိုက်ယူပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စကခ ၉ လက်အောက်ခံ မင်းပြားအခြေစိုက် တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၇၉၊ ခမရ ၃၈၀၊ ခမရ ၅၄၁၊ ကျောက်တော်အခြေစိုက် ခမရ ၃၇၄၊ ခမရ ၃၇၅၊ ခမရ ၃၇၆၊ ခမရ ၅၃၉ နဲ့ အမြောက်တပ်ရင်း အမတ ၃၇၇၊ မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ခမရ ၃၇၈၊ ခမရ ၅၄၀ အားလုံးကို ရက္ခိုင့်တပ်တော်ဘက်ကနေ သိမ်းပိုက်ရရှိထားပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော်ဘက်က စစ်ကောင်စီတပ်ရင်းတွေကို သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့တွေမှာ နယ်မြေစိုးမိုးမှုနဲ့ ဒေသအုပ်ချုပ်ရေး ယန္တရားတို့ကို စတင်ဖော်ဆောင်နေပြီး ကျန်ရှိနေသေးတဲ့ မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကိုပါ တိုက်ခိုက်နေတယ်လို့ အေအေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တွေက စစ်ကောင်စီတပ်ရင်းတွေ အကုန်သိမ်းလိုက်ပြီဆိုတော့ နယ်မြေစိုးမိုးမှုနဲ့ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်ဖို့ အဓိက လုပ်နေတာတွေ ရှိတယ်။ ရခိုင်ပြည်မှာ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်ရင်းတွေကိုပါ ဆက်ပြီးတော့ တိုက်ခိုက်သွားဖို့ရှိတယ်။”

ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့တွေဟာ စစ်တွေ-ရန်ကုန် ကားလမ်းမကြီး တလျှောက်မှာရှိတဲ့ မြို့တွေဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းအတွက် ကူးသန်းရောင်းဝယ်ရေးနဲ့ ခရီးသွားလာရေးအတွက် အဓိကအချက်အချာကျတဲ့မြို့တွေ ဖြစ်ပါတယ်။

မင်းပြားဒေသခံတဦးက “ဒီမြို့သုံးခုက စစ်ကောင်စီတပ်ရင်းတွေကို အကုန်တိုက်နိုင်လိုက်တော့ ရက္ခိုင့်တပ်တော် အတွက် စိတ်ဓာတ်ရေးရာအရပါ ပိုအားရှိသွားတယ်။ ပြည်ထောင်စုလမ်းတလျှောက်မှာရှိတဲ့ မြို့တွေကိုပါ သိမ်းလိုက်နိုင်ရင် ကူးသန်းရောင်းဝယ်ရေး လုပ်လို့ရလာနိုင်တယ်။ တခြားမြို့တွေကိုလည်း အလျင်အမြန် သိမ်းပိုက်ဖို့နဲ့ စစ်ပွဲတွေ အရင်ဆုံး ပြီးဆုံးဖို့ ပြည်သူတွေက မျှော်လင့်လျက်ရှိတယ်” လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်ဘက်က ရခိုင်ပြည်တွင်း တိုက်ပွဲစဖြစ်ပွားတဲ့ နိုဝင်ဘာ ၁၃ ရက်ကတည်းကနေ စတင်ပြီးတော့ ရခိုင်ပြည်နယ်မှ ပေါက်တောမြို့နဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်စပ် ပလက်ဝမြို့၊ စစ်ကောင်စီရဲ့ အရေးကြီး တပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ ရခိုင်ပြည်နယ်မှ စစ်ကောင်စီရဲ့ စခန်း၊ ဗျူဟာကုန်း၊ တပ်ရင်းတွေ အားလုံးကို ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်သား အများစုဟာ လက်နက်ချ အလင်းဝင်တာတွေ ရှိတဲ့အပြင် တိုက်ခိုက်လိုစိတ်လည်း ပျက်စီးနေတဲ့အတွက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို ထွက်ပြေးတိမ်းရှောင်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြည်သူတွေကို မတရား ဖမ်းဆီးနှိပ်စက်တာတွေနဲ့ ရခိုင်ပြည်နယ်မှ နေအိမ်၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံနဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေကို ပစ်ခတ်ဖျက်ဆီးနေပြီး စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့တွေကိုပါ ပိတ်ပင်ထားပါတယ်။

ရခိုင်ပြည်က မြို့နယ်တိုင်းနီးပါးမှာလည်း ဖုန်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ အတွက် ဘဏ်လုပ်ငန်းနဲ့ သတင်းအချက်အလက် စီးဆင်းမှုတွေပါ ရပ်တန့်ကုန်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရတဲ့အတွက် စားနပ်ရိက္ခာနဲ့ တခြား အကူအညီ အထောက်အပံ့တွေကိုပါ လိုအပ်နေပါတယ်။

ရခိုင်ပြည်နယ်တွင်းမှ စစ်ဘေးရှောင်နေရတဲ့ ပြည်သူအများစုဟာ လက်ရှိ နယ်မြေတွေ ငြိမ်းချမ်းရင် နေရပ်ပြန်နိုင်ဖို့အတွက် မိုင်းနဲ့ လက်နက်ကြီး အကြွင်းအကျန်တွေကိုပါ ရှင်းလင်းရေးလုပ်ဖို့ လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013