DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ် စာသင်ကျောင်းများ ဗုံးကြဲခံရမှု စစ်အုပ်စုကို အရေးယူနိုင်ရေး NUG ဆောင်ရွက်မည် 
DVB
·
February 8, 2024
ဒီးမော့ဆိုမြို့နယ် စာသင်ကျောင်းများ ဗုံးကြဲခံရမှု စစ်အုပ်စုကို အရေးယူနိုင်ရေး NUG ဆောင်ရွက်မည် 
1 / 7
Donate to DVB

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက စာသင်ကျောင်းတွေ ဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ‌ဒေါဆီအီရွာနဲ့ လွိုင်နန်းဖရွာတွေထဲက စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လွိုင်ကော်ဘက်မှာ အခြေချတဲ့ စစ်ကောင်စီတပ်တွေက စာသင်ကျောင်းတွေ ရှိတဲ့ဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြတာပါ။

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်ကနေ ၁၃ နှစ်ကြား ကလေး ၄ ယောက် အပါအဝင် ၅ ယောက်သေဆုံးခဲ့ပြီး ပြည်သူ ၃၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး ဆိုတဲ့ ဦးတည်ချက်တွေနဲ့ အကြမ်း ဖက်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် စစ်အုပ်စုကို နိုင်ငံတကာဥပဒေနဲ့ အရေးယူနိုင်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြသလို NUG အစိုးရနဲ့ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ညနေပိုင်း ကျင်းပဖို့ ရှိနေပါတယ်။

၂၀၂၃ခုနှစ်၊ ဧပြီ ၁၁ ရက်မနက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး   အမေရိကန်၊ အီးယူ၊ အာဆီယံ၊ နော်ဝေနဲ့  မလေးရှားနိုင်ငံတွေက ဆန့်ကျင်ကန့်ကွက် ရှုတ်ချခဲ့ပြီး  အရပ်သားတွေအပေါ် အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့  ၂၀၂၃ခုနှစ်၊ ဧပြီ၁၃ ရက်မှာ  မြန်မာစစ်အာဏာရှင်ကို  တောင်းဆိုခဲ့ဖူးပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၇ ရက်အထိ နိုင်ငံတဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် မိန်းကလေး ၄ ယောက်နဲ့ ယောကျ်ားလေး ၁၆ ယောက်၊ စုစုပေါင်းကလေးသူငယ်အယောက် ၂၀ သေဆုံးခဲ့ရတယ်လို့ အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၄,၅၀၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၆,၀၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

Photo-DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013