DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ဝင်ငွေ ၂ ဘီလီယံနီးပါး လျော့ကျ
DVB
·
February 7, 2024
ပို့ကုန်ဝင်ငွေ ၂ ဘီလီယံနီးပါး လျော့ကျ
Donate to DVB

မြန်မာနိုင်ငံရဲ့ ပို့ကုန်ဝင်ငွေဟာ  ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်ရင် ၁ ဒသမ ၉ ဘီလီယံကျော်  လျော့ကျနေပါတယ်။

၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်  ဇန်နဝါရီလအထိ စုစုပေါင်း ပို့ကုန်ဝင်ငွေ ၁၁ ဒသမ  ၈၃၆ ဘီလီယံသာ ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူ ကာလမှာ  ၁၃ ဘီလီယံ ကျော်ထိ ရှိခဲ့ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်မှု စာရင်းတွေအရ အခုဘဏ္ဍာနှစ်မှာ ရေလမ်းကြောင်းကနေ ပို့ကုန်တင်ပို့မှု ပမာဏ  ၇ ဒသမ၃ ဘီလီယံကျော်၊  နယ်စပ်ကနေ ပို့ကုန်တင်ပို့မှု ပမာဏက အမေရိကန် ဒေါ်လာ ၄ ဒသမ ၄ဘီလီယံ ကျော်ရှိပြီး နယ်စပ်ပို့ကုန် သန်း၅၀၀ ကျော်၊ ပင်လယ်ရေကြောင်း ပို့ကုန် ၁ ဒသမ ၄ ဘီလီယံ ကျော်ထိ ပြီးခဲ့တဲ့နှစ် အလားတူကာလထက် တင်ပို့မူ လျော့ကျခဲ့ပါတယ်။

ပို့ကုန်ကဏ္ဍ ၇ ခုအနက် ၆ ခုမှာ တင်ပို့မှုလျော့ကျခဲ့တာ တွေ့ရပြီး လယ်ယာထွက်ကုန်တင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ ၃၂၁ သန်း၊ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှာ ၁ ဒသမ ၈၆၂ ဘီလီယံ  သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှာ ၅၄ သန်းထိ  ယမန်နှစ်ကာလတူထက် လျော့ကျခဲပြီး ရေထွက်ပစ္စည်းတင်ပို့မှုမှာ ကန်ဒေါ်လာ ၄၆  သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုက ဒေါ်လာ ၁၂ သန်းကျော်၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှာ ကန်ဒေါ်လာ ၆၉ သန်းကျော် အသီးသီးလျော့ကျနေပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန် တင်ပို့မူဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မူတွေ၊ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် တစတစ လျော့နည်းကျဆင်းလာသလို စစ်ကောင်စီရဲ့ ကုန်သွယ်ရေး မူဝါဒအလွဲတွေကလည်း ပြည်ပပို့ကုန်တင်ပို့မှုအပေါ်  ထိခိုက်သက်ရောက်မူတွေ ရှိခဲ့တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “ဒီနှစ်က မူဝါဒပိုင်း အားနည်းချက်တွေ ရှိခဲ့တယ်။ နယ်စပ်ကုန်သွယ်ရေးကျတော့လည်း နယ်မြေမတည်ငြိမ်မူတွေရှိတော့ ကုန်သွယ်ရေးတွေ ရပ်တန့်ထားရတယ်။ ဒီတော့ တင်ပို့မူ အပိုင်းမှာပါ လျော့ကျလာတာပါ” လို့ မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီဟာ ပြည်ပ ပို့ကုန်တိုးတက်ဖို့ မျှော်လင့်ချက်နဲ့  ဆန်၊ ပဲ၊ ပြောင်း နဲ့ ရာဘာ တင်ပို့တဲ့ လုပ်ငန်းရှင်တွေကို ဓာတ်မြေဩဇာနဲ့ စက်သုံးဆီတို့လို့ သွင်းကုန်တွေ ပြန်တင်သွင်းခွင့်ပြုဖို့ ဆောင်ရွက်နေသလို ပို့ကုန်တင်ပို့သူတွေရဲ့ ပို့ကုန်ရငွေ အသုံးပြုခွင့် သတ်မှတ်ချက်ကိုလည်း အရင် ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်ကို ဖြေလျှော့ပေးခဲ့ပေမယ့် ပြည်ပပို့ကုန်တင်ပို့မူက သိသိသာသာ တိုးတက်လာခြင်းမရှိသေးပါဘူး။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုကို ကြည့်မယ်ဆိုရင် အရပ်သား အစိုးရလက်ထက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်မှာ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ကျော်ရှိခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၇၃၁ ဘီလီ ယံကျော် ရှိခဲ့ပါတယ်။ 

အရပ်သား အစိုးရလက်ထက်မှာ ၄ လ၊ စစ်ကောင်စီ လက်အောက်မှာ ၈ လရှိခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အမေရိ ကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ်မှာ ၁၆ ဘီလီယံကျော်၊ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်မှာ ၃၃ ဒသမ ၉ ဘီလီယံကျော်နဲ့ အခု ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် ဆယ်လ ဝန်းကျင်မှာ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၉၂ ဘီလီယံကျော်ပဲ ရှိပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013