DVB Logo
Home
မြန်မာသတင်း
ဆန်နှင့်ဆန်ကွဲ ပို့ကုန် ၁၇ ရာခိုင်နှုန်းကျော်ကျဆင်း၊ လျာထားချက်ပြည့်မီရေး စိန်ခေါ်မှုရှိ
DVB
·
August 25, 2026
Photo : DVB
Photo : DVB
Donate to DVB

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမ ၄ လအတွင်း မြန်မာနိုင်ငံရဲ့ ဆန်နဲ့ဆန်ကွဲ ပို့ကုန်ဟာ ယခင်နှစ်ကာလတူထက် ၁၇ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလာသလို ပို့ကုန်ရငွေလည်း ၂၀ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျလာပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ရဲ့ စာရင်းတွေအရ ဧပြီကနေ ဇူလိုင်လအထိ ဆန်နဲ့ဆန်ကွဲ စုစုပေါင်း တန်ချိန် ၆၉၉,၇၃၀ တင်ပို့ထားပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၂၃၂ သန်း ရရှိထားပါတယ်။

အဲဒီပမာဏဟာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၄ လအတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၈၄၅,၃၇၇ နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁၄၅,၆၄၇ လျော့ကျသွားတာဖြစ်ပါတယ်။

ပို့ကုန်ရငွေမှာလည်း ယခင်နှစ်ကာလတူ ဒေါ်လာ ၂၉၁ သန်းကနေ ယခုနှစ် ဒေါ်လာ ၂၃၂ သန်းအထိ ကျဆင်းလာပြီး ဒေါ်လာ ၅၉ သန်း လျော့ကျထားပါတယ်။

လအလိုက် တင်ပို့မှုအနေနဲ့ ဧပြီလမှာ တန်ချိန် ၁၆၉,၅၅၉၊ မေလမှာ ၁၃၆,၂၆၂၊ ဇွန်လမှာ ၂၂၃,၇၁၄ နဲ့ ဇူလိုင်လမှာ ၁၇၀,၁၉၅ တန် တင်ပို့ထားပါတယ်။

ဇူလိုင်တလတည်းကို ယခင်နှစ် ဇူလိုင် တန်ချိန် ၂၃၀,၆၇၂ နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၆၀,၄၇၇၊ ရာခိုင်နှုန်းအားဖြင့် ၂၆ ဒသမ ၂ ရာခိုင်နှုန်းခန့် ကျဆင်းထားပါတယ်။

တဖက်မှာတော့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၂ ဒသမ ၈ သန်းနဲ့ ဆန်ကွဲ တန်ချိန် ၂ သိန်း၊ စုစုပေါင်း တန်ချိန် ၃ သန်း တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံကျော် ရရှိဖို့ စစ်အာဏာရှင်အစိုးရရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက လျာထားပါတယ်။

လက်ရှိ ပထမ ၄ လအတွင်း တင်ပို့ထားတဲ့ တန်ချိန် ၆၉၉,၇၃၀ ဟာ တနှစ်လုံး လျာထားချက်ရဲ့ ၂၃ ဒသမ ၃ ရာခိုင်နှုန်းခန့်သာ ရှိသေးတာကြောင့် ကျန် ၈ လအတွင်း တန်ချိန် ၂ ဒသမ ၃ သန်းခန့် ထပ်မံတင်ပို့ရမှာ ဖြစ်ပါတယ်။

ပို့ကုန်ရငွေဘက်မှာလည်း လက်ရှိရရှိထားတဲ့ ဒေါ်လာ ၂၃၂ သန်းဟာ တနှစ်လုံး လျာထားတဲ့ ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံကျော်ရဲ့ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသေးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တနှစ်လုံးမှာတော့ ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂ ဒသမ ၀၆ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ ဒေါ်လာသန်း ၆၇၀ ကျော် ရရှိခဲ့ပါတယ်။

ဒါကြောင့် အခုဘဏ္ဍာနှစ်မှာ လျာထားတဲ့ တန်ချိန် ၃ သန်းဟာ ပြီးခဲ့တဲ့နှစ် တနှစ်လုံး တင်ပို့နိုင်ခဲ့တဲ့ ပမာဏထက် တန်ချိန် ၉ သိန်းကျော် ပိုမိုများပြားနေပြီး လျာထားချက်ပြည့်မီဖို့ ပို့ကုန်တင်ပို့မှုကို သိသိသာသာ မြှင့်တင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် စစ်အာဏာရှင်အစိုးရရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့မှာ ကျပ် ၈၆ ဘီလီယံကျော် အသုံးပြုပြီး ဧက ၃ ဒသမ ၄ သိန်းကျော်ကို Rice Export Zone (REZ) တွေအဖြစ် တိုးချဲ့ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။

ဒါပေမဲ့ REZ စီမံကိန်းမှာ ဘဏ်အာမခံနဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းဆိုင်ရာ အခက်အခဲတွေကြောင့် တောင်သူတွေဆီ ငွေကြေးစီးဆင်းမှု နှောင့်နှေးတာတွေ ရှိခဲ့သလို မူဆယ်-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်နေခြင်းနဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် မြင့်တက်နေခြင်းတွေကလည်း ဆန်ပို့ကုန် တိုးမြှင့်ရေးအတွက် အခက်အခဲတွေ ဖြစ်နေပါတယ်။

အခုလို ပထမ ၄ လအတွင်း ဆန်နဲ့ဆန်ကွဲ ပို့ကုန်ပမာဏ ကျဆင်းနေတဲ့အပြင် ပြီးခဲ့တဲ့ဘဏ္ဍာနှစ် တနှစ်လုံး တင်ပို့နိုင်ခဲ့တဲ့ ပမာဏထက် ပိုမိုမြင့်မားတဲ့ တန်ချိန် ၃ သန်း လျာထားချက်ကို ကျန် ၈ လအတွင်း အကောင်အထည်ဖော်ရမှာ ဖြစ်တာကြောင့် လျာထားချက်ပြည့်မီရေး စိန်ခေါ်မှုရှိနေပါတယ်။

Photo: DVB 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013