
စစ်အာဏာရှင်တပ်တွေက စစ်လက်နက်အင်အား၊ ရိက္ခာနဲ့ စစ်သားအင်အား အများအပြား သယ်ဆောင်လာတဲ့ သင်္ဘောတချို့ ဗန်းမော်မြို့ကို ဝင်ရောက်လာပြီးနောက် KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေဘက်ကို စစ်ရေးလှုပ်ရှားလာတာကြောင့် တိုက်ပွဲပြန်လည် ပြင်းထန် နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်တွေက KIA ပူးပေါင်းတပ်တွေ ရှိရာဘက်ကို စစ်ကြောင်းထိုးလှုပ်ရှားလာသလို ဒရုန်းနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကနေပါ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
“ဗန်းမော်မှာက သင်္ဘောစရောက်ကတည်းကနေ လှုပ်လှုပ်ရှားရှားဖြစ်နေကြတယ်။ သင်္ဘော ရောက်ကတည်းကနေ ပိုပြီး စစ်ရေးလှုပ်ရှားနေကြတယ်။ ခြေလျင်နဲ့ ကျနော်တို့ နေရာယူထားတဲ့ ဘက်ကို ဒရုန်းတွေပစ်ပြီး ထိုးလာတယ်။ လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေတယ်။ တိုက်ပွဲက ပြန်ဖြစ်နေတယ်။”
ဩဂုတ် ၂၁ ရက်နေ့က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ရေယာဉ် ၁၅ စီးခန့်ပါဝင်တဲ့ ပထမအကြိမ် ရေယာဉ်အုပ်စုဟာ ရွှေကူနဲ့ စင်းခန်းဒေသတဝိုက်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့ခဲ့ရပြီး ရေယာဉ်တချို့ ပျက်စီးနစ်မြုပ်ခဲ့ပါတယ်။ အဲဒီနောက် တိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ကုန်တင်ရေယာဉ် ၅ စီး စုစုပေါင်း ၇ စီးဟာ စက်တင်ဘာ ၃ ရက်က ဗန်းမော်မြို့ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၄ ရက်နေ့မှာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနဲ့ ပေပင်ဆိပ်ကမ်းဘက်ကနေ ဒုတိယအကြိမ် ဆန်တက်လာတဲ့ ရေယာဉ်အုပ်စုထဲက ရေယာဉ် ၉ စီးဟာ စက်တင်ဘာ ၈ ရက်နေ့မှာ ရွှေကူမြို့ကို ရောက်ရှိလာပြီး မြစ်ကမ်းမှာ ကမ်းကပ်ထားချိန် KIA ပူးပေါင်းတပ်က စက်တင်ဘာ ၉ ရက်နေ့မနက်မှာ တိုက်ခိုက်ခဲ့တာကြောင့် တွဲတွန်းရေယာဉ် ၂ စီး မီးလောင်ပျက်စီးခဲ့ပါတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“ဇင်းဘုန်ကိုလည်း ထိန်းထားနိုင်ပြီ။ စင်ခန်းကတော့ မနေ့က (၈ရက်နေ့) သေနတ် ၁၆ လက်နဲ့ အလောင်း ၁၈ ခု ရတယ်။ ပြီးတော့ ရွှေကူမှာဆိုရင် မနေ့ည (၈ ရက်) ကတည်းက ရောက်ထားတဲ့ စစ်သင်္ဘော ၃ စီး၊ တွန်းသင်္ဘော ၂ စီး၊ သံခွန် ၁စီး အဲဒီထဲက တွန်းသင်္ဘော ၂ စီးကို မီးလောင်ဖျက်ဆီးလိုက်နိုင်တယ်။ ဒီနေ့ (၉ ရက်နေ့) ဗန်းမော်ကနေ ရွှေကူဘက်ကို ဆင်းလာတဲ့ စစ်သင်္ဘော ၃ စီးနဲ့ ရိုးရိုး ၁ စီးပေါ့။ အဲဒီထဲမှာ စစ်သင်္ဘော ၂ စီးနဲ့ ရိုးရိုး ၁ စီး အဲဒါတွေကို ဖောက်ခွဲပြီး နှစ်မြုပ်လိုက်နိုင်တယ်။”
စက်တင်ဘာ ၉ ရက်နေ့ တရက်အတွင်းမှာ ဗန်းမော်ကို ဆန်တက်ဖို့ ကြိုးစားနေတဲ့ ရေယာဉ် အုပ်စုထဲက တွဲတွန်းရေယာဉ် ၂ စီး၊ ဗန်းမော်ကနေ ရွှေကူဘက်ကို ပြန်စုန်ဆင်းလာတဲ့ ရေယာဉ် အုပ်စုထဲက စစ်သင်္ဘော ၁ စီးနဲ့ တွဲတွန်းရေယာဉ် ၂ စီး စုစုပေါင်း ၅ စီးကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗန်းမော်စစ်မျက်နှာပြင်မှာ စစ်တပ်နဲ့ KIA တို့ရဲ့တိုက်ပွဲ ၂ နှစ်နီးပါးအကြာမှာ စစ်တပ်က ဗန်းမော်ကို အင်အားအလုံးအရင်းဖြည့်တင်းနေပြီး KIA ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက် ခံရတာတွေ ကြောင့် ကသာ၊ ရွှေကူတို့မှာ တိုက်ပွဲပြင်းထန်နေချိန် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ(NSPNC)က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ KIA ကို စက်တင်ဘာ ၄ ရက်ရက်စွဲနဲ့ တရားဝင်စာ ပေးပို့ထားတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ခဲ့တဲ့ KIA ပူးပေါင်းတပ်တွေရဲ့ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ၂၀၂၅ နှစ်ဝက်ပိုင်းအထိ စစ်ရေးအရ စစ်တပ်ရဲ့ အရေးပါတဲ့ စစ်တပ်နေရာတချို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ခဲ့သလို မြိုတွင်းနေရာအများအပြားကို ထိန်ချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း စစ်တပ်က လေကြောင်း၊ ကုန်းကြောင်း စစ်အင်အား ဖြည့်တင်းကာ ထိုးစစ်ပြန်လည်ဖော်ဆောင်လိုက်တာကြောင့် KIA ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ် နေရာတချို့ကို ပြန်လည်လက်လွှတ်ပေးခဲ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ကချင်ပြည်နယ်ထဲမှာ KIA က ဖော်ဆောင်လိုက်တဲ့ တိုက်ပွဲတွေထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲက စစ်ရေးကာလအကြာမြင့်ဆုံး ဖြစ်ပါတယ်။











