DVB Logo
Home
နိုင်ငံတကာ
ချီလီသမ္မတဟောင်း ရဟတ်ယာဉ်ပျက်ကျ သေဆုံး
DVB
·
February 7, 2024
ချီလီသမ္မတဟောင်း ရဟတ်ယာဉ်ပျက်ကျ သေဆုံး
Donate to DVB

ချီလီသမ္မတဟောင်း ဆီဘက်စတီယန် ပင်ညဲရာဟာ နိုင်ငံတောင်ပိုင်းမှာ ဖေဖော်ဝါရီ ၆ ရက်က ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့ကြောင်း လက်ရှိအစိုးရ အရာရှိ ၂ ဦးနဲ့ ပင်ညဲရာရဲ့ အကြံပေးဟောင်းတဦးတို့က ရိုက်တာသတင်းကို အတည်ပြုပါတယ်။

၂၀၁၀-၂၀၁၄ အထိနဲ့ ၂၀၁၈-၂၀၂၂ အထိ သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် သမ္မတဟောင်း ကွယ်လွန်ကြောင်း ဒေသတွင်း မီဒီယာတွေက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ 

ပင်ညဲရာ ဟာ ရဟတ်ယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်ခြင်း မရှိပေမဲ့ ရဟတ်ယာဉ်ပေါ်ရှိ တခြားလူ ၃ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ကြောင်း အကြံပေးဟောင်းပုဂ္ဂိုလ်က ရိုက်တာကို ပြောပါတယ်။ 

ချီလီနိုင်ငံတောင်ပိုင်း လာဂိုရန်ကိုမြို့က ရေကန်ကြီးထဲကို ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ချီလီ အမျိုးသားသဘာဝဘေးအန္တရာယ် အေဂျင်စီ SENAPRAD က အတည်ပြု ပြောပါတယ်။ 

အခင်းဖြစ်ပွားရာနေရာကို ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်ရှိပြီး မကြာခင်မှာပဲ သမ္မတဟောင်း သေဆုံးသွားကြောင်း ကြေညာခဲ့ပါတယ်။ 

ကျန်ခရီးသည် ၃ ဦး အသက်ရှင် လွတ်မြောက်ခဲ့ပြီး သမ္မတဟောင်း ပင်ညဲရာဟာ ရဟတ်ယာဉ်ကို မောင်းနှင်သူဖြစ်ကြောင်း သတင်းရင်းမြစ် နှစ်ခုက ရိုက်တာကို ပြောပါတယ်။

ပင်ညဲရာဟာ ချီလီနိုင်ငံရဲ့ တောင်ဘက်ခြမ်းရှိ လှပတဲ့ ရေကန်တွေအနီးမှာ တောင်ကမ္ဘာခြမ်း နွေရာသီကို မကြာခဏ ကုန်ဆုံးလေ့ရှိခဲ့ပြီး သူ့ကိုယ်ပိုင် ရဟတ်ယာဉ်ကို မကြာခဏ မောင်းနှင်လေ့ရှိပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားတဲ့ သမ္မတဟောင်း ဆီဘက်စတီယန် ပင်ညဲရာအတွက် လက်ရှိ ချီလီသမ္မတ ဂယ်ဘရီယလ် ဘောရစ်ခ်က နိုင်ငံတော်ဝမ်းနည်းခြင်း ကာလ ၃ ရက်တာ သတ်မှတ်ကြောင်း ကြေညာပါတယ်။

သမ္မတသက်တမ်း နှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတဟောင်းအတွက် နိုင်ငံတော်ဈာပနကို ဖေဖော်ဝါရီ ၉ ရက် သောကြာနေ့မှာ ကျင်းပဖို့လည်း ပြင်ဆင်နေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013