DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၂ ရင်းကို အေအေတိုက်ခိုက် သိမ်းပိုက်
DVB
·
February 7, 2024
မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၂ ရင်းကို အေအေတိုက်ခိုက် သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်  ခမရ (၃၇၉) နဲ့ ခမရ (၅၄၁) တပ်ရင်း ၂ ရင်းတို့ကို ဖေဖော်ဝါရီ ၆ ရက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန် ကြေညာပါတယ်။

စစ်ကောင်စီရဲ့ စကခ (၉) လက်အောက်ခံ လက်ကျန်တပ်ရင်းတချို့ကို  ရက္ခိုင့်တပ်တော်က နေ့ညမနား တလတာနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ တပ်ရင်း ၂ ရင်းကို သိမ်းပိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မင်းပြားမြို့မှာ စစ်ကောင်စီတပ်ရင်း ၃ ရင်းရှိတဲ့ထဲက ခမရ  ၃၈၀ ကို ဇန်နဝါရီ ၂၈ ရက်က  သိမ်းပြီးတဲ့နောက်မှာ ကျန်နေသေးတဲ့ စကခ(၉) လက်အောက်ခံ ခမရ (၃၇၉) နဲ့ ခမရ(၅၄၁)တို့ကိုပါ  အေအေက မနေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မင်းပြားမြို့ဒေသခံတစ်ဦးက “မင်းပြားမြို့တဝိုက်မှာတော့ စစ်ကောင်စီတပ်ရင်းတွေ မရှိကြတော့ဘူး။ စစ်ကောင်စီ မိသားစုဝင်တွေနဲ့ ထိပ်တန်းခေါင်းဆောင်တွေကလည်း ဖမ်းဆီးခံရသူနဲ့ လက်နက်ချတဲ့သူတွေ ရှိကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရင်း ၂ ရင်းမှာ လက်နက်ချသူတွေ ရာနဲ့ချီရှိပြီးတော့  တပ်မိသားစုဝင်တွေကိုလည်း ရက္ခိုင့်တပ်တော်က ထိန်းသိမ်းထားတယ်လို့ အေအေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"လက်နက်ချတဲ့သူတွေနဲ့ မိသားစုဝင်တွေကို ထိမ်းသိန်းထားတာတော့ရှိတယ်။ လူအရေအတွက်ကတော့ အတိအကျမသိနိုင်သေးဘူး။ လောလောဆယ်တော့ သူတို့တွေကို စစ်ဥပဒေအရစောင့်ရှောက်သွားမှာပါ။"

မင်းပြားမြို့တပ်ရင်း ၂ ရင်းကို သိမ်းပိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိခိုက် ဒဏ်ရာရ ကျဆုံးသူ၊  ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင်တွေကို အေအေရဲ့ ကြေညာချက်မှာ အသေးစိတ် ထည့်သွင်းဖော်ပြမထားတဲ့အတွက် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေး ပါဘူး။

မင်းပြားမြို့ကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရရှိသူတွေ ရှိနေပြီးတော့ ဘေးလွတ်ရာကို ထွက်ပြေး ရှောင်တိမ်းနေကြရပါတယ်။

နိုဝင်ဘာ ၁၃  ရက် တကျော့ပြန်စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြားမှာ အေအေတပ်တွေက စစ်ကောင်စီရဲ့ အရေးကြီးတဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေကို ထိန်းချုပ်လာနိုင်ပြီးတော့ ပလက်ဝမြို့နဲ့ ပေါက်တောမြို့တို့ကိုပါ သိမ်းပိုက် ထားပါတယ်။

ရခိုင်ပြည်မှာ စစ်ကောင်စီတပ်ရင်းတွေ တခုမှ မကျန်အောင်အထိ တိုက်ခိုက်သွားဖို့နဲ့ လက်နက်ချ အညံ့မခံတဲ့ စစ်ကောင်စီတပ်သားတွေကို ပြင်းထန်စွာတုံ့ပြန်သွားမယ်လို့ အေအေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013