
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ် ၅ ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ်တခုမှာ ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ လောက်က မိလ္လာကျင်းတူးရာမှ အောက်စီဂျင်ပြတ်ပြီး အမျိုးသား ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
အဆိုပါ နေအိမ်ခြံဝန်းထဲရှိ မိလ္လာကျင်းဟောင်းဘေးကပ်ရက် ၂ ပေခန့်အကွာမှာ အနက် ၁၆ ပေခန့်၊ အကျယ် ၃ ပေခန့်ရှိ နောက်ထပ်ကျင်းသစ်တခု တူးဖော်ခဲ့ပြီး ကျင်းတူးအလုပ်သမား အသက် ၃၀ အရွယ် ကိုအောင်အောင် ဆိုသူက ကြိုးနဲ့ဆင်းကာ ကျင်းဟောင်းကျင်းသစ် လုပ်ဆောင်နေတဲ့အချိန်မှာ အောက်စီဂျင်ပြတ်တောက်ပြီး ကျင်းထဲပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
ပြုတ်ကျသွားသူကို အသက် ၃၅ နှစ်အရွယ် ကိုသန်းဇော်ထွန်းက ဆင်းကယ်ခဲ့ပေမဲ့ သူပါ ပြုတ်ကျသွားတာကြောင့် အသက် ၆၀ အရွယ် ဦးမြတ်ကျော် ဆိုသူကပါ ထပ်မံဆင်းဆယ်ခဲ့ရင်း ၃ ဦးစလုံး ကျင်းထဲနစ်နေတာ ဖြစ်ပါတယ်။
ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တဦးက “ပထမလူနာ ကိုအောင်အောင်က အောက်စီဂျင်မဝလို့ ပြန်မတက်နိုင် ဖြစ်နေတာ။ အဲ့ဒါကို ကိုသန်းဇော်ထွန်းက ဆင်းကယ်ရင်း သူပါနစ်သွားတာ။ သူတို့နစ်နေတာကို အလုပ်သမားခေါင်းဆောင်ကပါ ဆင်းကယ်တော့ ၃ ယောက်စလုံး နစ်နေတာ။ ကိုအောင်အောင်နဲ့ အလုပ်သမားခေါင်းဆောင်ကတော့ မသေဘူး၊ အသက်ရှင်ရက် ပြန်ကယ်ထုတ်နိုင်ခဲ့တယ်။ ကိုသန်းဇော်ထွန်းကတော့ ဆေးရုံမှာပဲ ကွယ်လွန်သွားတယ်” လို့ ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာတော့ ကျင်းထဲက ၃ ဦးစလုံးကို မြေပြင်ပေါ် ကယ်ထုတ်နိုင်ခဲ့ပြီး အမှတ် ၅ အရန်မီးသတ်ပိုင် လူမှုကူညီရေးယာဥ်နဲ့ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ကြပေမဲ့ ကိုသန်းဇော်ထွန်း ဆိုသူဟာ မွန်းလွဲ ၂ နာရီ ၄၇ မိနစ်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
အဆိုပါနေရာကို ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ၊ အမှတ် ၅ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အထောက်အကူပြုယာဉ် ၁ စီး၊ ညောင်ဦး ပရဟိတအသင်း လူမှုကူညီရေးယာဉ် ၁ စီးနဲ့ လာရောက်ကယ်ဆယ်ခဲ့ပါတယ်။
ဓာတ်ပုံ- ညောင်ဦးမီးသတ်