DVB Logo
Home
မြန်မာသတင်း
ကုလလုံခြုံရေးကောင်စီ၌ မြန်မာ့အရေး ဆွေးနွေး၊ အရပ်သားများအပေါ် တိုက်ခိုက်မှု ရပ်တန့်ရန် ၉ နိုင်ငံ တောင်းဆို 
DVB
·
February 6, 2024
ကုလလုံခြုံရေးကောင်စီ၌ မြန်မာ့အရေး ဆွေးနွေး၊ အရပ်သားများအပေါ် တိုက်ခိုက်မှု ရပ်တန့်ရန် ၉ နိုင်ငံ တောင်းဆို 
Donate to DVB

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့ရေးသီးသန့် အစည်းအဝေးတခုကို ဖေဖော်ဝါရီ ၅ ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှာ အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့အကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၉ နိုင်ငံက ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ 

အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အီကွေဒေါ၊ မော်လ်တာ၊ ဆလိုဗေးနီးယားနဲ့  ဆွစ်ဇာလန် နိုင်ငံတို့က အစည်းအဝေးမတိုင်ခင် ပူးတွဲထုတ်ပြန်ခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝါ့ဒ်က “ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သုံးနှစ်ပြည့်ပါပြီ။ တိုင်းပြည်တွင်းက အခြေအနေတွေကတော့ သေရေးရှင်ရေးတမျှ ဆိုးဆိုးရွားရွားဖြစ်နေတုန်းပါပဲ။ စစ်တပ်က လက်လွတ်စပယ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာ အပါအဝင်၊ အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကို  ကျမတို့ အပြင်းအထန်ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

အာဆီယံက တိုက်တွန်းထားတဲ့အတိုင်း  အထူးသဖြင့် အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှု ရပ်တန့်ဖို့လည်း မြန်မာစစ်တပ်ကို  ထပ်မံ တောင်းဆိုလိုက်ပါတယ်။ 

အာဏာသိမ်း ၃ နှစ်ကျော်လာချိန်မှာ လူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီး လူ ၂ ဒသမ ၆ သန်းဟာ  အိုးအိမ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်ကြောင်း၊ အမျိုးသမီးတွေ၊ ကလေးတွေ၊ တိုင်းရင်းသားနဲ့ တခြားလူနည်းစုတွေ အပါအဝင်၊ လိုအပ်နေသူ အားလုံးအတွက် ပြည့်ဝ၊ မြန်ဆန်၊ ဘေးကင်း၊ ပိတ်ဆို့ထားခြင်းမရှိတဲ့ လူသားချင်းစာနာမှုအကူအညီ ရရှိဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ မှာ ဖော်ပြထားတဲ့အတိုင်း အကြမ်းဖက်မှု ပုံစံအားလုံး အဆုံးသတ်ဖို့နဲ့ တင်းမာမှုတွေကို ထိန်းချုပ် လျှော့ချဖို့၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးဖို့လည်း နိုင်ငံ ၉ နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ 

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်းမှာ အပစ်အခတ်ရပ်စဲမှု ပျက်ပြားပြီးတဲ့ ပိုမိုဆိုးရွားလာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်ကြောင်း ဗြိတိန်သံအမတ်ကြီး က ပြောပါတယ်။

“ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာတွေဟာ ဒီပဋိပက္ခရဲ့ သက်ရောက်မှုကို အချိုးမညီ မမျှတစွာ ဆက်လက်ခံစားနေကြရပါတယ်။ လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခံထားရမှုတွေနဲ့ ဆေးနဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိဘဲ ငြင်းပယ်ခံနေရတဲ့အပေါ်မှာလည်း ပိုလို့စိုးရိမ်မိပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ နေရာရွှေ့ပြောင်းခဲ့ရတဲ့ ပြည်သူတွေ သဘောဆန္ဒအလျောက်၊ ဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာ ရေရှည်တည်တံ့တဲ့ ပြန်လည်နေထိုင်မှုမျိုး ဖြစ်ပေါ်လာစေနိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ လိုအပ်တယ်ဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။” 

မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေ၊ တရားဥပဒေစိုးမိုးမှုနဲ့ ဒီမိုကရေစီနည်းကျ ဆန္ဒသဘောထားနဲ့ အခွင့်အရေးတွေကို လေးစားကြဖို့လည်း သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

အာဆီယံနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အားထုတ်မှုတွေကို အထူးထောက်ခံကြောင်း၊ ဖြစ်ပွားနေဆဲပဋိပက္ခအတွက် ငြိမ်းချမ်းပြီး၊ အားလုံးပါဝင်တဲ့၊ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းကို ချဉ်းကပ်ရှာဖွေရာမှာ အာဆီယံရဲ့ အဓိကကျတဲ့အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုကြောင်း၊ မြန်မာစစ်တပ်အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို  သူ့ကတိအတိုင်း ထိထိရောက်ရောက်ပြည့်ပြည့်ဝဝဖြည့်ဆည်းပေးဖို့ တောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ 

ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်  မြန်မာသံအမတ်ကြီး  ဦးကျော်မိုးထွန်းကလည်း ပြီးခဲ့တဲ့သုံးနှစ်အတွင်း စစ်တပ်က  လူပေါင်း  ၄၄၀၀၀ လောက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် အရပ်ဘက်နေအိမ်တွေ  ၈၆၀၀၀ ကျော် ဖျက်ဆီးခဲ့ကြောင်း၊ လူ ၂ ဒသမ ၆ သန်းကျော် နိုင်ငံတွင်း အိုးအိမ်စွန့်ခွာခဲ့ရပြီး လူ ၁၉ သန်းလောက် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး  နိုင်ငံရဲ့ လူဦးရေထက်ဝက်လောက် ဆင်းရဲတွင်းကျရောက်နေလို့ နိုင်ငံတကာရဲ့ အကူအညီလိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

“နိုင်ငံတကာအသိုက်အဝန်းရဲ့ အကူအညီကို ကျနော်တို့ လိုအပ်နေပါတယ်။ လုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်တနိုင်ငံချင်းစီရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းလိုအပ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေရဲ့ အသက်တွေကို အချိန်မီကယ်တင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် နိုင်ငံတွေအနေနဲ့ အတည်ပြုဆောင်ရွက်လို့ရတဲ့ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တရပ်ချမှတ်ပေးဖို့ ကျနေထပ်ပြီး မေတ္တာရပ်ခံပါတယ်။”
ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့ မြန်မာစစ်တပ်အား စစ်လက်နက် ထောက်ပံ့နေမှုကိုလည်း ရပ်တန့်ရေး ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

“မြန်မာပြည်သူတွေအနေနဲ့ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံး စစ်တပ်ဆီကို လက်နက်စီးဆင်းမှုရပ်တန့်ပေးဖို့ ဆက်တိုက်တွန်းပါတယ်။ ဒါက ကျနော်တို့အတွက် အရေးကြီးပါတယ်။ တချို့အဖွဲ့ဝင်နိုင်ငံတွေဟာ စစ်တပ်ကို ဆက်ပြီး လက်နက်ထောက်ပံ့ကောင်း ထောက်ပံ့နေနိုင်ပါတယ်။ ဒါပေမဲ့ လက်နက်ထောက်ပံ့နေတာဟာ ပြည်သူတွေကိုသတ်ဖို့ ကူညီနေတယ်ဆိုတာ သတိပြုမိလာအောင် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ အကူအညီနဲ့  သူတို့ကို ဖိအားပေးရပါမယ်။ ဒါကြောင့် မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ပေးကြပါခင်ဗျာ။”

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံနဲ့ ကုလသမဂ္ဂအကြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဌာနေညှိနှိုင်းရေးမှူးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးအထူး ကိုယ်စားလှယ်  အချိန်မီခန့်အပ်ဖို့လည်း နိုင်ငံ ၉ နိုင်ငံက တိုက်တွန်းပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးမှာ  အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကဲအို ကစ်တီကွန်ဆီနဲ့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် ခီယာရီတို့ကလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့  ပြောဆိုခဲ့ကြပြီး ဆုံးဖြတ်ချက်တော့ တစုံတရာ ချမှတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

Photo-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013