DVB Logo
Home
မြန်မာသတင်း
ရခိုင် စစ်ရှောင်အမျိုးသမီးများ လစဥ်သုံးပစ္စည်း ပြတ်လပ်နေသဖြင့် အခက်ကြုံ
DVB
·
February 6, 2024
ရခိုင် စစ်ရှောင်အမျိုးသမီးများ လစဥ်သုံးပစ္စည်း ပြတ်လပ်နေသဖြင့် အခက်ကြုံ
Donate to DVB

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က မြို့တွေနဲ့ ကျေးရွာတွေမှာ စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးတွေဟာ အမျိုးသမီးလစဥ်သုံးပစ္စည်း ပြတ်လပ်မှုကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးအများစုဟာ လစဥ်သုံးပစ္စည်းတွေ ရရှိဖို့အတွက် စစ်တွေမြို့ကတဆင့် မှာယူနေရပြီး စစ်တွေမြို့ကို ရေကြောင်းတခုတည်းနဲ့သာ သွားလာလို့ရကာ ပစ္စည်းတွေကိုလည်း မှောင်ခိုဈေးကွက်ကနေ ဝယ်ယူနေကြရတယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်နေသူ အမျိုးသမီးတဦးက “လစဥ်သုံးပစ္စည်းတွေကော၊ တခြား အမျိုးသမီးအသုံးအဆောင်တွေ ဝယ်ယူဖို့ စစ်တွေကနေ လှမ်းမှာနေရတယ်။ စစ်ဘေးရှောင်လာရတော့ လစဥ်သုံးပစ္စည်းတွေလည်း လုံလုံလောက်လောက် ပါမလာခဲ့ဘူး။ အနီးအနားက ကျေးရွာတွေမှာလည်း အမျိူးသမီး အားလုံးအတွက် လုံလောက်တဲ့ လစဥ်သုံးပစ္စည်း မရှိဘူး။ စျေးကြီးပေးပြီးတော့ လှမ်းမှာတာတောင် လုံလုံလောက်လောက်မရဘူး” လို့ ပြောပါတယ်။

အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ ဝယ်ယူဖို့ အခက်အခဲ ကြုံနေရတာကြောင့် သုံးပြီးသားတွေကို ဆေးကြောကာ ပြန်သုံးနေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“တချို့သူတွေဆို လစဥ်သုံးပစ္စည်းတွေ ဝယ်လို့မရတာကြောင့် သုံးပြီးသားတွေကို ဆေးကြောပြီးတော့ ပြန်သုံးနေကြရတာတောင် ရှိတယ်။ တကယ့်အခက်အခဲတွေနဲ့ ကြုံနေရတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်ကနေ ကုန်စည်စီးဆင်းခွင့်နဲ့ ခရီးသွားလာခွင့်တွေကိုပါ ပိတ်လိုက်တဲ့အတွက် အမျိုးသမီး လစဥ်သုံးပစ္စည်းတွေလည်း ဈေးတက်ကုန်ပြီး အခြေခံလူတန်းစား အမျိုးသမီးတွေအတွက် လစဥ်သုံးပစ္စည်းတွေ ဝယ်ယူရတာ ပိုအခက်အခဲဖြစ်စေတယ်လို့ သိရပါတယ်။

အမျိုးသမီး တက်ကြွလှုပ်ရှားသူတဦးက “လစဥ်သုံးပစ္စည်းတွေက အရင်ကထက် ဈေးတက်ကုန်တော့ အခြေခံလူတန်းစား မိသားစုတွေက အမျိုးသမီးတွေအတွက် ပိုအခက်အခဲနဲ့ ကြုံတွေ့နေရတယ်။ ကုန်သွယ်ရေးလမ်းကြောင်းတွေပါ ပိတ်ထားတော့ စစ်ရှောင်အမျိုးသမီးတွေမှာ ပစ္စည်းတွေ ဝယ်မရ၊ သုံးမရတွေပါ ဖြစ်ကုန်တယ်။ စစ်ပွဲတွင်းမှာ အမျိုးသမီးတွေရဲ့ အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်သင့်တယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်အမျိုးသမီး အများစုဟာ လစဥ်သုံးပစ္စည်း အခက်အခဲတွေ ပြေလျော့စေဖို့နဲ့ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ရရှိဖို့ အရပ်ဘက်အဖွဲ့အစည်း၊ ယူအန်နဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ လိုအပ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်ကနေ လူသားချင်း စာနာထောက်ထားရေးနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အားလုံးကို ပိတ်ပင်ထားတဲ့အပြင် ပြည်သူတွေကို ဖြတ်လေးဖြတ် စစ်ရာဇဝတ်မှုတွေကို စစ်ကောင်စီဘက်က ကျူးလွန်နေပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက် စတင်ပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တိုက်ပွဲတွေကြား သေဆုံးသူ အမျိုးသမီးပေါင်း ၂၅ ဦးနဲ့ ဒဏ်ရာရှိသူ အမျိုးသမီးက ၁၂၀ အထိ ရှိတဲ့အပြင် ဖမ်းဆီးခံရသူ အမျိုးသမီး စုစုပေါင်း ၄၇ ဦးအထိရှိပြီလို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013