DVB Logo
Home
မြန်မာသတင်း
ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု ယမန်နှစ်ထက် တန်ချိန် ၇ သိန်းကျော် လျော့နည်း
DVB
·
February 6, 2024
ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု ယမန်နှစ်ထက် တန်ချိန် ၇ သိန်းကျော် လျော့နည်း
Donate to DVB

မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တင်ပို့ရောင်းချမှုအနေနဲ့ ၂၀၂၃ ခုနှစ် ဧပြီလကနေ  ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ ၁၀ လအတွင်း စုစုပေါင်း တန်ချိန် ၁ ဒသမ ၁ သန်းကျော်သာ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ လစဉ်တင်ပို့မှု စာရင်းအရ သိရပါတယ်။

အဲဒီပမာဏက အရင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၇၄၀၀၀၀ ကျော် လျော့ကျခဲ့ပါတယ်။

အလားတူ ဆန်နဲ့ ဆန်ကွဲ တင်ပို့ရောင်းချမှုကနေ ရရှိတဲ့ ပို့ကုန်ဝင်ငွေကလည်း အခုဘဏ္ဍာနှစ် ဇန်နဝါရီလအထိ အမေရိကန်ဒေါ်လာ ၅၇၄ သန်းသာရှိပြီး ပြီးခဲ့တဲ့နှစ်အောက် အမေရိကန် ဒေါ်လာ ၁၃၃ သန်းထိ လျော့ကျခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ် အလားတူကာလမှာတော့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု စုစုပေါင်း တန်ချိန် ၁ ဒသမ ၉ သန်းကျော်အထိ ရှိခဲ့ပြီး အဲဒီကနေ ရရှိတဲ့ ပို့ကုန်ဝင်ငွေကလည်း အမေရိကန်ဒေါ်လာ ၇၀၇ သန်းထိ ရှိခဲ့ပါတယ်။

အခုနှစ်မှာ ပြည်ပဆန်တင်ပို့မှု လျော့နည်းကျဆင်းလာရတဲ့ အကြောင်းရင်းက ပို့ကုန်ဆိုင်ရာ မူဝါဒ အားနည်းချက်နဲ့ ပြည်တွင်းဆန်ဈေး ကြီးမြင့်နေတာတွေကြောင့် ဖြစ်တယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေး သွင်းအားစုဈေးနှုန်းတွေနဲ့ သယ်ယူစရိတ်တွေ မြင့်တက်လာသလို လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တချို့ဒေသတွေမှာ စိုက်ပျိုးရေး အပြည့်အဝ မဆောင်ရွက်နိုင်တာ၊ လျှပ်စစ်မီး လုံလုံလောက်လောက် မရရှိတာ၊  ဆန်စပါး ဝယ်ယူသိုလှောင်တာတွေရှိနေတာ စတဲ့အချက်တွေကြောင့် မြန်မာပြည်တွင်း ဆန်စပါးဈေးနှုန်းတွေက အရင်နှစ်တွေထက် စံချိန်တင် ထူးကဲမြင့်တက်နေပါတယ်။

ဆန်ကုန်သည်တဦးက “အထွက်ကလည်း နည်းတယ်။ Exporter တွေကလည်း ပြည်ပတင်ပို့ဖို့ ဝယ်ကြတယ်။ တက်ဈေးမျှော်ပြီး ဝယ်လှောင်တဲ့သူက လှောင်ဆိုတော့ ဈေးတွေ တက်သွားတယ်။ နောက်ပြီး လျှပ်စစ်မီး အခြေအနေအရလည်း ဆန်က အပြည့်အဝ မကြိတ်ခွဲနိုင်ကြတော့ ဈေးကွက်ဆန် အဝင်လည်းနည်းတယ်” လို့ ပြောပါတယ်။

အခုဘဏ္ဍာနှစ်အတွင်း ဆန်နဲ့ ဆန်ကွဲ လအလိုက် တင်ပို့မှုကို ပြန်ကြည့်ရင် ဧပြီလမှာ တန်ချိန် ၈၇,၆၄၈ တန်၊ မေလမှာ တန်ချိန် ၁၁၀,၀၀၀ ကျော်၊ ဇွန်လမှာ တန်ချိန် ၆၂,၀၀၀ ကျော်၊ ဇူလိုင်လနဲ့ သြဂုတ်လမှာ တန်ချိန်  ၆၀,၀၀၀ ဝန်းကျင်၊ စက်တင်ဘာလမှာ တန်ချိန် ၈၄,၀၀၀ ကျော်၊ အောက်တိုဘာလမှာ တန်ချိန် ၁၁၀,၀၀၀ ကျော်၊ နိုဝင်ဘာလမှာ တန်ချိန် ၁၇၅,၀၀၀ ကျော်နဲ့ ဒီဇင်ဘာလမှာ တန်ချိန် ၁၉၅,၀၀၀ ကျော် အသီးသီးရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလမှာတော့ တန်ချိန် ၂၁၀,၀၀၀ ကျော်ထိ ရှိခဲ့ပြီး တင်ပို့မှုအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ လအလိုက် စာရင်းတွေအရ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ဆန်တင်ပို့မှု ပြန်အားကောင်းလာခဲ့တယ် ဆိုပေမဲ့ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင်တော့ အခုနှစ်က ၃၉ ရာခိုင်နှုန်းဝန်းကျင်ထိ လျော့ကျနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013